September 21, 2024

၁၉. ၈. ၂၀၂၄
Written by Thettant

နိုင်ငံရေးအကျပ်အတည်းနဲ့ ဆုကြေးနည်းပါးမှုအခက်အခဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာတွေဟာ ရေကြည်ရာ မြက်နုရာ ခမာနဲ့ ထိုင်းဘက်ကိုခြေဆန့်လာချိန်မှာ မြန်မာပြည်သူတွေ ရွှေ့ပြောင်းအလုပ်လုပ်ကြတာများပြားတဲ့ ထိုင်းနိုင်ငံဟာ မြန်မာဖိုက်တာတွေအဖို့ အောင်ပွဲခံနိုင်ရာ နေရာဖြစ်လာပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေအဖို့ အမိမြေက သူရဲကောင်းတွေ ရေမြေခြားမှာ စွန့်စားပြီး လာရောက်ထိုးသတ်ကြချိန် သည်းသည်းလှုပ်အားပေးကြသလို ၃၂ နှစ်သားကြမှ ဒေါ်လာတစ်သိန်းတန် စာချုပ်ရပြီး သုံးပွဲထိုးသတ်ရာမှာ ဆုကြေးဘတ်ရှစ်သိန်းနဲ့ အနိုင်ထိုးသတ်ကြေးသုံးပွဲရှာနိုင်ခဲ့တဲ့ သံမဏိစိုးလင်းဦးကလည်း လူငယ်လက်ဝှေ့သမားတွေအဖို့ အတုယူစရာဖြစ်လာခဲ့တာကလည်း One အဖို့ မြန်မာပရိသတ်တွေဆီမှာ စျေးကွက်ရှာဖို့ ဖြစ်လာပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံမှာဆိုရင် မြန်မာ့ရိုးရာလက်ဝှေ့ကျော်တွေ အယောက် ၂၀ ထက်မနည်း ထိုးသတ်နေကြသလို အမျိုး သမီးတွေထဲမှာဆိုရင်လည်း ဘရော်နီကာ၊ မေသဇင်ထူး စသလို ထိုးသတ်နေကြပြီး ဘရော်နီကာဆို ထိုင်းဘုရင့်ဖလား ခါးပတ်နှစ်ကြိမ်ဆုရှင်အဖြစ်ထိကို ဂုဏ်တင့်နိုင်ခဲ့တာပါ။

ဒါကြောင့်လည်း One ဟာ ဒီတစ်ပတ်မှာ မြန်မာတွေအကြိုက်တွေ့ပြီးသားဖိုက်တာ သန့်ဇင်၊ အဲမွီ၊ ထွန်းမင်းနိုင်နဲ့ ကရင်ပြည်နယ်နာမည်ကျော် သွေးလင်းထက်နဲ့ စစောသီဟ(စောစံမြ)တို့ကို လာမဲ့ ၂၃ ရက်ည One Friday Fight 76 မှာ တွဲဆိုင်းတွေ တည်ပေးလာတာကို တွေ့ရပါတယ်။

ဒီအထဲမှာ မြန်မာပရိသတ်တွေ သိပ်မရင်းနှီးသေးတဲ့ စောစံမြနဲ့ အဲမွီက ဂျပန်ဖိုက်တာတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး စောစံမြက မာဆတိုရှီ၊ အဲမွီက တာကာဆိုနိုနဲ့ရင်ဆိုင်ရမှာပါ။ ကျန်တဲ့ဖိုက်တာသုံးယောက်စလုံးက ထိုင်းဖိုက်တာတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ထွန်းမင်းနိုင်က ကော့ပိုင်၊ သွေးလင်းထက်က ကန်ချိုင်ဂျစ်မနွန်နဲ့ သန့်ဇင်က ပထမအကြိမ်ပွဲပျက်ထားတဲ့ ထိုင် နဲ့ပဲ ဒုခေါင်ပွဲထိုးသတ်ရမှာဖြစ်ပါတယ်(မှတ်ချက်။ နာမည်များမှာ Google Traslate မှ ပြန်ဆိုထား၍ အနည်းငယ်လွဲနိုင်ပါသည်)

ဒီအထဲမှာ သန့်ဇင်နဲ့ ထွန်းမင်းနိုင်ကလွဲရင် ကျန်တဲ့သုံးယောက်ဟာ One မှာ ပထမဆုံးထိုးသတ်ကြမှာဖြစ်ပါတယ်။ တစ်ပွဲထိုးသတ်လို့ နိုင်လာတိုင်း ဆုကြေးအပါအဝင် သိန်းရာချီရတဲ့ One မှာ လွယ်လွယ်နဲ့ အောင်ပန်းဆင်ဖို့မဖြစ်နိုင်သလို ထိုင်းကလည်း မြန်မာတွေကို ပွဲတည်တိုင်း ထိုးသတ်ပုံလေ့လာပြီးမှ နိုင်လောက်တဲ့ထိုင်းပြိုင်ဘက်နဲ့ တည်ပေးတာ၊ အလဲမထိုးနိုင်ရင် သူ့နိုင်ငံသားထိုင်းဖိုက်တာကိုပဲ အနိုင်ပေးတတ်တဲ့အပြင် ပုံတင်ရင်တောင် မြန်မာဖိုက်တာတွေပဲ တစ်ဖက်သတ်အထိုးခံရတဲ့ပုံတွေတင်တတ်တာပါ။

လတ်တလောမှာလည်း ထိုင်းဖိုက်တာတွေ ဥရောပနိုင်ငံသားတွေနဲ့ ထိုးသတ်တိုင်း အလဲထိုးခံရလို့ ထိုင်းပရိသတ်တွေ One ကို မကြည်လင်ကြချိန် မြန်မာ့ချန်ပီယံသွေးသစ်ဝင်းလှိုင်ကို အလဲမထိုးနိုင်ပေမဲ့ အထိနာအောင်ထိုးသတ်ခဲ့တဲ့ ခွန်ဆုတ်ဟာ ရုရှားဖိုက်တာကို One Friday Fight 75 မှာ ဒုတိယအချီနဲ့ စင်ပေါ်မေ့လဲတဲ့အထိ အထိုးခံလိုက်ရတာကြောင့် ဒီနေ့ပွဲမှာ ထိုင်းပရိသတ်တွေ ကျေနပ်ဖို့ မြန်မာဖိုက်တာတွေကို နိုင်လောက်တဲ့ ထိုင်းဖိုက်တာတွေနဲ့ တည်ပေးမဲ့သဘောသဘာဝလည်း မြင်ရပြန်သေးတာပါ။ ဒီလိုအခြေအနေမျိုးကြားမှာ ထိုင်းပြိုင်ဘက်ကို အမှတ်နဲ့ဆို ရှုံးဖို့ပဲရှိလို့ အလဲထိုးဖို့တစ်ခုကလွဲရင် မြန်မာဖိုက်တာတွေအဖို့ ရွေးချယ်စရာမရှိသမို့ ဘယ်သူတွေက အလဲထိုးအနိုင်ရ၊ ဘယ်သူတွေက ဆုကြေးရပြီး ဘယ်သူကတော့ အရေးနိမ့်မလဲဆိုတာ…. ။

Leave a Reply

Your email address will not be published. Required fields are marked *