September 21, 2024

၁၉. ၈. ၂၀၂၄
Translated by Htwe Ko Tun

ဖိလစ်ပိုင်ကမ်းခြေစောင့်ရေတပ်စစ်သင်္ဘောတစ်စင်းက တရုတ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောက ထပ်တလဲလဲ အချက်ပြသတိပေးမှုတွေပြုနေတာကို ဂရုမပြုဘဲ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောကို တမင်သက်သက် ဝင်တိုက်ခဲ့တာဟာ အန္တရာယ်ကြီးမားပြီး ပညာရှင်မဆန်တဲ့လုပ်ရပ်လည်းဖြစ်တယ်လို့ ဩဂုတ်လ ၁၉ ရက်မှာ တရုတ်နိုင်ငံက ကြေညာချက်တွေထုတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်က ဩဂုတ်လ ၁၉ ရက် နံနက်အစောပိုင်းမှာ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားခဲ့တာပါ။ တရုတ်ကမ်းခြေ စောင့်တပ်ဖွဲ့က လူမှုကွန်ရက်မှာတင်ခဲ့တဲ့ ဗီဒီယိုအရ သင်္ဘောချင်းတိုက်မိမှုက ဩဂုတ်လ ၁၉ ရက် နံနက် ၃ နာရီ ၂၄ မိနစ်မှာ ဖြစ်ခဲ့ပြီး တရုတ်သင်္ဘောကလည်း ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတစ်စင်းလို့ ဆိုပါတယ်။

ကြေညာချက်တစ်ခုမှာတော့ တရုတ်ပင်လယ်ရေကြောင်းသွားလာမှုလုံခြုံရေးအဖွဲ့က အဆိုပါဖိလစ်ပိုင်သင်္ဘောဟာ Sabina Shoal ကျွန်းရေပြင်သို့ ဝင်ရောက်ရန်ကြိုးစားမှုကို တားဆီးခံခဲ့ရပြီးနောက် Second Thomas Shoal ကျွန်းအနီးရေပြင်သို့ ဝင်ရောက်ခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ကြေညာချက်မှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ မှ သင်္ဘောနှစ်စင်းဟာ Sabina Shoal ကျွန်းရေပြင်သို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ဖို့ ဩဂုတ်လ ၁၉ ရက်နံနက်မှာ ကြိုးစားခဲ့တာလို့ တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂန်ယုကပြောခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ဗီဒီယိုမှာ ဖိလစ်ပိုင်သင်္ဘောလို့ဆိုရမယ့် သင်္ဘောတစ်စင်းဟာ တရုတ်သင်္ဘောရဲ့ ဘယ်ဘက်ဘေးကို ရောက်ရှိလာတာတွေ့ရပါတယ်။ နောက်ထပ် ၁၅ စက္ကန့်ကြာ ဗီဒီယိုတစ်ခုမှာတော့ တရုတ်သင်္ဘောနဲ့ ဖိလစ်ပိုင်သင်္ဘောရဲ့ နောက်ဘက်သို့ ထိပ်တွေ့မိနေကြတာ တွေ့ရပါတယ်။ အဲဒီအချိန်မှာ ဖိလစ်ပိုင်သင်္ဘောဟာ ရုတ်တရက်ဦးတည်ရာပြောင်းလဲလိုက်တဲ့အခါမှာ သင်္ဘောချင်းတိုက်မိမှုဖြစ်ခဲ့တာပါပဲ။

ဂန်ယုကတော့ ဖိလစ်ပိုင်အနေနဲ့ ရန်စမှုတွေအထပ်ထပ်ပြုလုပ်ပြီး ပြဿနာဖြစ်စေခဲ့တာပဲ။ နှစ်နိုင်ငံကြားသဘောတူထားခဲ့တဲ့ ယာယီအစီအစဉ်တွေကိုလည်း ချိုးဖောက်ခဲ့တာပဲလို့ ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကတော့ သူ့ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောနှစ်စင်းအနက် တစ်စင်းဟာ ဖိလစ်ပိုင် အနောက်ပင်လယ်အတွင်း Sabina Shoal ကျွန်းရေပြင်မှာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတွေရဲ့ဝင်ရောက်တိုက်မှုကိုခံခဲ့ရပြီးနောက် တစ်စင်းမှာလည်း ရန်လိုတဲ့အပြုအမူတွေနဲ့ ကြုံခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီ ညွှန်ကြားရေးမှူးချုပ် ဂျိုနာသန် မာလာရာကလည်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောရဲ့ ရန်စတဲ့အပြုအမူတွေနဲ့အတူ ခုလို တရုတ်သင်္ဘောတစ်စင်းရဲ့ တိုက်မှုကိုခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

ဖြစ်ရပ်မှာ ဖိလစ်ပိုင်သင်္ဘောမှ သင်္ဘောသားတွေအနေနဲ့ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ တိုက်မိတဲ့ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောရဲ့ ညာဘက်ကုန်းပတ်မှာ ၅ လက်မ ခန့် အပေါက်ကြီးဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

Ref- CAN, inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *