September 21, 2024

၁၉.၈.၂၀၂၄
Written by Nyein Kyaw

ပြည်တွင်း စားသုံးဆီဖူလုံစေရန် ယခုဘဏ္ဍာနှစ်တွင် နေကြာသီးနှံစိုက်ပျိုးဧက တစ်သန်းကျော် စိုက်ပျိုးရန် လျာထားပြီး လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် နေကြာသီးနှံစိုက်ပျိုးဧက သုံးသန်းကျော်အထိ တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဩဂုတ်လ ၁၈ ရက်(ယမန်နေ့)တွင် ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံစီမံကိန်းများ လုပ်ငန်းဆိုင်ရာများ၊ နေကြာသီးနှံနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ မေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန်ကိစ္စရပ်များ ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသည်။

ပြည်တွင်းစားသုံးဆီဖူလုံရေး မျှော်မှန်းချက်အောင်မြင်စေရန် နေကြာသီးနှံကို သီးညှပ်စိုက်ခြင်းထက် သီးထပ်သီးနှံအဖြစ် ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်နိုင်ရန် တိုင်းဒေသကြီး ပြည်နယ်များအလိုက် စိုက်ဧကများ လျာထားသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်အလိုက် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ နေကြာသီးနှံစိုက်ပျိုးခြင်းကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးနှင့်ဆောင်းစိုက်ဧက ၁ ဒသမ ၀၉ သန်း လျာထားဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၇-၂၀၂၈ ခုနှစ်တွင် မိုးနှင့်ဆောင်း စုစုပေါင်းစိုက်ဧက ၃ ဒသမ ၀၇ သန်း စိုက်ပျိုးရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်‌ထောင်စုဝန်ကြီးက ပြောကြားသည်။

နေကြာပွင့်များ အစေ့အဆန်ပြည့်အောင်မြင်ပြီး ဆီထွက်နှုန်းကောင်းမွန်စေရန်အတွက် ဝတ်မှုန်ကူးစက်မှုအကျိုးပြု ပျားမွေးမြူရေးကို တောင်သူများ တွဲဖက်လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ဝတ်မှုန်ကူးအင်းဆက်ပိုးမွှားများ ရှင်သန်ပေါက်ပွားမှုကို ထိခိုက်စေသည့် ပိုးသတ်ဆေးသုံးစွဲမှု လျှော့ချနိုင်ရေးအတွက်ကိုလည်း တောင်သူများကို အသိပညာပေးစည်းရုံးသွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ဝါသီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းကို ၂၀၂၃-၂၀၂၄ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်ထိ နှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး၌ ဝါစိုက်ဧက ၇၀၀,၀၀၀ စိုက်ပျိုးသွားနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *