၁၉. ၈. ၂၀၂၄
Written by Nay Moe
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို PDF တွေက ဩဂုတ် ၁၈ ရက်နံနက်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ ဒီပဲယင်းပကဖ ထုတ်ပြန်မှုအပါအဝင် ဒီပဲယင်းမြို့ခံတွေက PDF တွေကို ကြိုဆိုနေတဲ့ ရုပ်သံတွေ၊ ဓာတ်ပုံတွေ နာရီပိုင်းခန့် ပျံ့နှံ့ခဲ့ပေမဲ့ ညနေပိုင်းမှာပဲ တပ်မတော်က ရဟတ်ယာဉ်နဲ့ စစ်ကူချပေးတာ၊ လေကြောင်းတိုက်ခိုက်တာကြောင့် PDF တွေ မြို့ပြင်ဘက် ပြန်လည် ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ဒီပဲယင်းမြို့ကို သိမ်းဖို့ကြိုးစားနေတဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ဩဂုတ် ၁၆ ရက်မှာတော့ သာလွန်အင်အားနဲ့ အရှိန်မြှင့်ထိုးစစ်ဆင်လာပြီး ဩဂုတ် ၁၇ ရက် ညသန်းခေါင်အချိန်မှာ မြို့ပေါ်က ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ တပ်စခန်းငယ်တွေကို တိုက်ယူပြီး ဒီပဲယင်းမြို့သိမ်းနိုင်ပြီလို့ ကြေညာချက်ထုတ် အောင်ပွဲခံခဲ့ကြသလို ကြိုဆိုတဲ့ ရုပ်ပုံတွေလည်း ထုတ်လွှင့်ခဲ့ကြပေမဲ့ ဒီအောင်မြင်မှုက နာရီပိုင်းပဲကြာပြီး ညနေပိုင်းမှာတော့ တပ်မတော်ရဲ့ ထိုးစစ်နဲ့အတူ PDF တွေ ဒီပဲယင်းမြို့က ပြန်လည်ထွက်ပြေးခဲ့ရတာပါ။
မြို့သိမ်းတိုက်ပွဲအတွင်းမှာ PDF တွေဟာ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာလည်း မြင်ရသလို ဒီလိုမျိုး ထိန်းတာထက် သိမ်းတာခက်တဲ့ အခြေအနေမှာ NUG ဟာ မြို့တစ်မြို့ကို ထိန်းထားနိုင်တဲ့ အင်အားမရှိ၊ မဟာဗျူဟာမရှိဘဲ PDF တွေကို မြို့သိမ်းခိုင်းတာ၊ PDF အမည်ခံသိမ်းတဲ့ ကောလင်း၊ စဉ့်ကူးစတဲ့မြို့တွေ ချက်ချင်းပြန်အသိမ်းခံရတာမျိုးတွေလည်း မြင်ခဲ့ရပြီး မအောင်မြင်တဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်ရမှုအပေါ်လည်း NUG ဟာ ဝေဖန်ခံနေရပါတယ်။
“အလှူခံကောင်းဖို့ ကလေးတွေကိုစတေးပြီး မြို့ကိုထိန်းနိုင်တဲ့ အင်အားမရှိဘဲ မရမကသိမ်းခိုင်းတယ် နာရီပိုင်းလောက်နဲ့ပြန်ပေးရတယ်။ ပြီးတော့ ပြည်သူတွေကြိုနေတဲ့ပုံနဲ့ အလှူခံဖိုသုံးတယ်။ မြို့တွေပျက်တယ်၊ ဗျူဟာမရှိ၊ တာဝန်ယူမှုမရှိ စတေးလိုက်ရတဲ့ PDF တွေရဲ့ အသက်အတွက် ဘယ်သူတာဝန်ယူမလဲ”လို့ NUG ကိုထောက်ခံတဲ့ သတင်း Page တစ်ခုက ဝေဖန်ထားပါတယ်။
ဒီပဲယင်းမြိုသိမ်းတိုက်ပွဲမှာ PDF တွေဘက်က အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့၊ ရွှေဘိုခရိုင်အတွင်းက တပ်ရင်းတွေ၊ ရွှေဘိုပကဖ၊ ဒီပဲယင်းပကဖ၊ ဘုတလင်ပကဖ၊ ရေဦးပကဖ၊ 96 Soldiers အပါအဝင် PDF တပ် ဆယ်ချီ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဆုတ်ခွာထွက်ပြေးကြပေမဲ့လည်း ဒီပဲယင်းမြို့နယ်တစ်ဝိုက်မှာပဲ ခိုကပ်ပြီး ပြန်လည်တိုက်ခိုက်ဖို့ ချောင်းမြောင်းနေတာကြောင့် တပ်မတော်က နယ်မြေရှင်းလင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပုံစာ။ ဒီပဲယင်းမြို့ကို မီးရှို့ဖျက်ဆီးပြီး ကနဦးသိမ်းယူစဉ်က PDF များ အောင်ပွဲခံမှုမြင်ကွင်းအချို့ (Photo – Ko Pyay)