၁၉.၈.၂၀၂၄
Written by TZ
မွန်ပြည်နယ်၊ သထုံခရိုင်၊ သုဝဏ္ဏဝတီမြို့၊ ရန်ကုန်-မော်လမြိုင်သွားသည့် ကားလမ်းမဘေးရှိ ကျိုက္ကော်စျေးတန်းမှ လမ်းဘေးနေအိမ်စျေးဆိုင် သုံးဆိုင်ကို ၁၂ ဘီးယာဥ်တစ်စီးက မောင်းနှင်သည့် ယာဥ်မောင်းအိပ်ငိုက်ရာမှ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ သြဂုတ်လ ၁၈ ရက် ည ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ၁၂ ဘီးယာဥ်တစ်စီး အရှိန်လွန်ပြီး နေအိမ်စျေးဆိုင်ခန်းများကို တိုက်မိရာက ယာဥ်မောင်းမှာ ယာဥ်ခေါင်းခန်း၌ ခြေထောက် ညပ်နေ၍ ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းနှင့်အတူ သုဝဏ္ဏဝတီ အေးမြဖြူစင်အသင်းတို့ပူးပေါင်းပြီး ကယ်ထုတ်ပေးခဲ့ကြောင်း သိရသည်။
“ယာဥ်မောင်းအမျိုးသားက အိပ်ငိုက်ပြီး နေအိမ်စျေးဆိုင်သုံးခန်းကို တိုက်မိတာ။ ဆိုင်ခန်းတော့ နည်းနည်းပျက်စီးသွားတယ်”ဟု သွားရောက်ကူညီသည့် ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးနှင့်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
ယာဥ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ယာဥ်မောင်းအမျိုးသားကို သိမ်ဆိပ်ဆေးရုံသို့ အေးမြဖြူစင်အသင်းပိုင်ယာဥ်ဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo -Credit