November 1, 2024

MT News

Written by Nay Aung

မလေးရှားနိုင်ငံ ပန်ဒန် ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းတွင် မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁ ဦးကို တောင်နှင့်မြောက် ဆက်သွယ်ထားသည့် အမြန်လမ်း၏တောင်ဘက် ၆၃ ကီလိုမီတာအကွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

မလေးရှားရဲတပ်ဖွဲ့သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လိုက်ပါလာသော ကားကို ရပ်တန့်စစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ပန်ဒန် ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သည့် အာရစ်ရှန်ဟာမီဇာက အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် ပိတ်ဆို့ဖမ်းဆီးချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ကားကို ရပ်တန့်ရှာဖွေချိန်တွင် ကားအတွင်းလိုက်ပါလာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

၎င်းက ” ကျွန်တော်တို့ဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကားနဲ့လိုက်ပါလာတဲ့သတင်းကို လက်ခံရရှိခဲ့ပြီးနောက် တည်နေရာကိုအတိအကျ သိအောင် စုံစမ်းပြီး လိုက်လံဖမ်းဆီးခဲ့တာဖြစ်တယ်။

ကားအတွင်းကနေ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၁၁ ဦးကို ဖမ်းဆီးရမိတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုလိုက်လံပို့ဆောင်တဲ့ ကားသမားဟာ ကျွန်တော်တို့ရဲကားကိုတွေ့မြင်ချိန်မှာထွက်ပြေးသွားခဲ့တယ်” ဟုဆိုသည်။

ဖမ်းဆီးရမိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁ ဦးသည် အသက် ၂၀ နှင့် အသက် ၅၀ နှစ်အကြား အရွယ်များဖြစ်ကြောင်း ပန်ဒန် ရဲတပ်ဖွဲ့ အကြီးအကဲကပြောသည်။

Ref www.msn.com

Leave a Reply

Your email address will not be published. Required fields are marked *