၁၉.၈.၂၀၂၄
Written by Nyein Kyaw
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မှာ ရွှေတိဂုံစေတီတော်သို့ အများပြည်သူများ လာရောက်ဖူးမြော်ကြပြီး ဘုရားရင်ပြင်တော်ရှိ တန်ဆောင်းတွေမှာလည်း သံဃာတော်တွေက သီလပေးတရားတော်ဟောကြားကာ ဥပုသ်သီလစောင့်တည်နေကြတဲ့ အေးချမ်းသာယာတဲ့ မြင်ကွင်းကို တွေ့မြင်ရပါတယ်။
ဒါ့အပြင် ရွှေတိဂုံစေတီတော်မှာ အသံမစဲမဟာပဋ္ဌာန်းပွဲ ကျင်းပနေသလို ပန်းစေတီတွေ၊ ရွှေသင်္ကန်းကပ်လှူပူဇော်သူတွေရှိပေမဲ့ ဝါဆိုလပြည့်နေ့ကလို လူပြည့်ကျပ်နေတာမျိုးမဟုတ်ဘဲ အေးချမ်းစွာ သီလစောင့်တည်ပြီး မေတ္တာပွားများနေတာကြောင့် အေးချမ်းမှုတွေ ပြည့်နေတာဖြစ်ပါတယ်။
ဆရာတော်တွေကလည်း သီလပေးတရားဟောကြားပြီးတဲ့အခါတိုင်း ဥပုသ်သီလစောင့်တည်မှုအပြင် မေတ္တာဘာဝနာပွားများခြင်းရဲ့ အကျိုးကျေးဇူးတွေကို သီးသန့်ဟောကြားပေးပြီး မေတ္တာအခါတော်နေ့နဲ့ညီအောင် ဒီနေ့မှာမေတ္တာပွားများနေဖို့ ထပ်မံသတိပေးတရားဟောကြားပေးခဲ့ပါတယ်။
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်အခါက ရဟန်းတော်ငါးရာတို့ဟာ ဝါဆိုဦးအခါ မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားဆောင်ယူပြီး သပ္ပာယမျှတတဲ့ တရားအားထုတ်ကြစဉ် နတ်တို့ရဲ့ နှောင့်ယှက်မှုတွေကြောင့် ရဟန်းတော်ငါးရာ တရားရှုမှတ်မရတော့ဘဲ ဝါခေါင်လပြည့်နေ့မှာ မြတ်စွာဘုရားရှင်ထံသို့ဆိုက်ရောက်လာကြပြီး ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကို လျှောက်ထားကြပါတယ်။
အဆိုပါဖြစ်စဉ်ကို အကြောင်းပြုကာ ဝါခေါင်လပြည့်နေ့မှာ မြတ်စွာဘုရားက မေတ္တာကမ္မဋ္ဌာန်းပွားများစေဖို့ မေတ္တာသုတ်တရားတော်ကို ဟောကြားတော်မူခဲ့ပြီး ရဟန်းငါးရာတို့မှာလည်း မေတ္တာကမ္မဋ္ဌာန်းပွားများခြင်းကြောင့် နတ်၊ ရုက္ခစိုးတို့ရဲ့ ချစ်ခင်မှုအပြင် ပြုစုစောင့်ရှောက်မှာကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်က ရဟန်းတော်ငါးရာတို့ကို ဝါခေါင်လပြည့်နေ့မှာ မေတ္တာသုတ်ဟောကြားပေးတာကိုရည်ရွယ်ပြီး ဝါခေါင်လပြည့်နေ့ရောက်တိုင်း မေတ္တာအခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တွေက ပူဇော်ကြခြင်းဖြစ်ပါတယ်။