၁၈. ၈. ၂၀၂၄
Written by Nay Moe
KNU နှင့် PDF များက ဒရုန်း၊ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ လူတစ်ဦးသေဆုံးပြီး ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦး ဒဏ်ရာရမှု သံဖြူဇရပ်မြို့နယ်နှင့် စလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ ဩဂုတ် ၁၈ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာသို့ KNU နှင့် PDF ပူးပေါင်းအဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာအနီးရှိ ရာဘာခြံအတွင်းသို့ Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ရာဘာခြံအတွင်း ရှိနေကြသည့် ဦးအောင်မြင့်(၅၀)နှစ်တွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ဖြူဖြူဝင်း(၃၆)နှစ်၊ ကိုနိုင်လင်းဝေ (၃၂)နှစ်၊ မောင်ဝေယံရှိုင်း(၂)နှစ်၊ မဝတ်မှုန်ဇင်(၁၆)နှစ်နှင့် မမေမြတ်နိုး(၁၃)နှစ်တို့တွင် ဗုံးသီး ပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထို့အတူ ည ၈ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မိုးဝန်း(အရှေ့)ကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကိုကိုဦး(၃၉)နှစ်၏ နေအိမ်အတွင်းသို့ PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် နေအိမ်အတွင်း လက်လုပ်ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်၌ ရှိနေသည့် ဒေါ်ညိုညိုရွှေ(၃၆)နှစ်၊ မောင်ဖြိုးဟိန်းထက်(၁၄)နှစ်နှင့် မအိမ့်တွယ်တာ (၁၁)နှစ် တို့တွင် ဗုံးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး စလင်းမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။