November 1, 2024

နဂါးနန်းတော်စိန်ရွှေရတနာဆိုင်လုယက်သူအား တွေ့ရစဥ်

၂၆.၁၂. ၂၀၂၂

Written by Min Mahar

ချမ်းအေးသာစံမြို့နယ်တွင်ရှိသော နဂါးနန်းတော် စိန်ရွှေရတနာဆိုင်အား အနုကြမ်းစီးလုယက်မှုဖြစ်ပွားကာ လာရောက်လုယက်သူကို ဝန်ထမ်းများနှင့်ရပ်ကွက်တွင်းမှပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် လုယက်သူအားဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ၂ နာရီခွဲခန့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ နဂါးနန်းတော် စိန်ရွှေရတနာဆိုင်သို့ အမျိုးသား ၁ ဦးရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများအားသေနတ်ဖြင့် ချိန်ရွယ်ကာ ရွှေထည်များအား ဆိုင်ရှိကြွပ်ကြွပ်အိတ်အတွင်းသို့ထည့်ရန် ပြောဆိုခြိမ်းခြောက်ကာ လက်နက်ပြလုယက်မှုပြုလုပ်ခဲ့သဖြင့် ဆိုင်ဝန်ထမ်းများမှ အော်ဟစ်ကာ အပြန်အလှန်လုံးထွေးချိန်တွင် ရပ်ကွက်နေပြည်သူ များပါ ဝင်ရောက်ဝိုင်းဝန်းဖမ်းဆီးပေးခဲ့မှုကြောင့် အနုကြမ်းစီးလုယက်သူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဆိုင်မှာဝန်ထမ်း ၅ ယောက်နဲ့အတူ ဆိုင်ဖွင့်ထားချိန် လူ ၁ ယောက်က ဆိုင်ထဲရွှေဝယ်မလို့ပြောပြီးဝင်လာခဲ့တယ်။ အထဲလည်းရောက်ရော သေနတ်တုပြပြီးတော့ ခြိမ်းခြောက်နေချိန်မှာ ဆိုင်ကဝန်ထမ်းတစ်ဦးက သေနတ်ကိုမသင်္ကာလို့ ဝင်လုံးတော့တာပဲ။ ကျန်တဲ့သူတွေကလည်း အပြင်ကိုအော်ဟစ်အကူညီတောင်းလို့ အနားကလူတွေဝင်လာပြီးတော့ ဝိုင်းဖမ်းပေးခဲ့တာပါ”ဟု ဆိုင်ပိုင်ရှင်က ပြောသည်။

အဆိုပါလုယက်သူသည် အသက် ၃၉ နှစ်အရွယ်ရှိပြီး ကြုံရာကျပမ်းလုပ်ကိုင်သူဖြစ်ကာ ၆၇လမ်း၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြား၊ မဟာမြိုင်(၁)ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူလည်းဖြစ်သည်။ ထို့ပြင် ၎င်း၏ ကျောပိုးအိတ်အတွင်းမှ Grand Royal (0.3) လီတာအရက်ပုလင်းအခွံ(၄)လုံးအားပူး၍ တိတ်အကြည်ရောင်ဖြင့်ကပ်ကာ အပေါ်ပိုင်းတွင် အနက်နှင့်အနီနှစ်ပင်လိမ်ဝါယာကြိုးအား ဆားကစ်ပြားအသေးဖြင့် တပ်လျှက် အမဲရောင်ကြွပ်ကြွပ်အိတ်ဖြင့်အုပ်ထားသည့် လက်လုပ်မိုင်းအတု ၁ ခု၊ အရိုးအသွား ၁၀ လက်မခန့်ရှိသော စတီးဓား (၁)ချောင်း၊ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုသည့် AUSTRIA စာတန်းပါ ပစ္စတိုပုံစံကော်သေနတ် ၁ လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းသည် အမည်မသိအမျိုးသား(၁)ဦး၏ ကယ်ရီဆိုင်ကယ်ဖြင့် ၇၇ လမ်းနှင့် ၃၅ လမ်းဆုံအထိ ငှားရမ်းခဲ့ပြီး ၇၇ လမ်းအတိုင်းလမ်းလျှောက်၍ နဂါးနန်းတော်စိန်ရွှေရတနာဆိုင်သို့ တစ်ဦးတည်းလာရောက် လုယက်မှုကျူးလွန်ခဲ့ချိန် ယခုကဲ့သို့ဖမ်းဆီးခံရပြီး အမှတ်(၈)မြို့မရဲစခန်းတွင် ဖမ်းဆီးထားကာ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *