၁၈. ၈. ၂၀၂၄
Written by Nay Moe
ခရီးသည်ယာဥ်ကို PDF တစ်ဦးက တားဆီးကာ ကားပေါ်စီးနင်းလိုက်ပါလာသူ အမျိုးသမီးကို ဒလန်စွပ်စွဲပြီး ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီနေ့ညမှာ ထုတ်ထားပါတယ်။
ဖြစ်စဥ်က ဩဂုတ် ၁၆ ရက် နံနက် ၁၀ နာရီမှာ ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ်၊ အနောက်ဘိုကုန်းကျေးရွာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ တောင်ငူမြို့နယ်၊ ရေလယ်ခုံကျေးရွာနေ ဒေါ်ဌေးဌေး(ခ)ခင်ထွေး(၅၁)နှစ်ဟာ BGO-27 3Q/8684 HINO DUTRO အဖြူရောင် ၆ ဘီးခရီးသည်တင်ယာဉ်နဲ့ ရေလယ်ခုံ-ဘိုကုန်း-ကြက်တက်ညောင်ပင်ကျေးရွာချင်းဆက်လမ်းအတိုင်း တောင်ငူမြို့ကို လိုက်ပါစီးနင်းလာချိန်အနောက်ဘိုကုန်းကျေးရွာလမ်းမပေါ်အရောက် သေနတ်ကိုင်ဆောင်ပြီး အသင့်စောင့်နေတဲ့ PDF တစ်ဦး(စိစစ်ဆဲ)က မော်တော်ယာဉ်ကို ရပ်တန့်ခိုင်းကာ ဒေါ်ဌေးဌေး(ခ) ခင်ထွေးကို “ဒလန်”လို့ စွပ်စွဲပြောဆိုပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာကြောင့် ဒေါ်ဌေးဌေး (ခ)ခင်ထွေးဟာ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ အများအပြား သတ်ဖြတ်ခံရတဲ့တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရပါတယ်။