၁၈. ၈. ၂၀၂၄
Written by Nay Moe
ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသားလေးဦးကို PDF များက ပစ်ခတ်သတ်ဖြတ်မှု ဩဂုတ် ၁၄ ရက်က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ညထုတ်ပြန်သည်။
ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက် နံနက် ၇ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ဆင်တဲကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းဦး(၆၄)နှစ်သည် ၎င်း၏နေအိမ်မှ ပြူကန်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ဆင်တဲ-ကူးတို့ဆိပ်ကားလမ်းအတိုင်း မောင်းနှင်ထွက်ခွာလာစဉ် ဆင်တဲကျေးရွာအထွက်၌ PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသောင်းဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဇရစ်မျှောင် ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးထွန်းထွန်းလွင်(၅၀)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးထွန်းထွန်းလွင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးတင်လှိုင်(၇၅)နှစ်သည် ၎င်း၏ သား ဦးမြင့်ဇော်(၄၄)နှစ်နှင့်အတူ နေအိမ်ခြံဝင်းအတွင်း ရှိနေစဉ် PDF ငါးဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးတင်လှိုင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမြင့်ဇော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံးဒဏ်ရာ ရရှိသူများအား ကျောက်ဆည်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်တွင် အသက် ၇၅ နှစ်အရွယ် ဦးတင်လှိုင်ကို ပျုစောထီးခေါင်းဆောင်ဟုစွပ်စွဲကာ ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် (KRA) နှင့် ကျောက်ဆည် KDDF၊ နောင်ရိုးတပ်ခွဲ(၃)ကျောက်ဆည်တို့ သတ်ဖြတ်ခြင်းဖြစ်ကြောင်း MT News က သတင်းဖော်ပြထားပြီးဖြစ်သည်။