MT News
၁၈. ၈. ၂၀၂၄
စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ တရားမဝင်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁၃ ဒသမ ၉၇၅ တန်၊ အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃ တန်ကျော်နှင့် ဓာတုပစ္စည်း PROPIOPHENONE ၁၀၂၀ လီတာ ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယခုညထုတ်ပြန်သည်။
ဖြစ်စဥ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားတွင် စစ်ကိုင်းဘက်မှ မန္တလေးဘက်သို့ မင်းမင်းဦး မောင်းနှင်ပြီး အောင်ဇော်ထွေး လိုက်ပါလာသည့် NISSAN CANTER ၆ ဘီးမော်တော်ယာဉ်နှင့် သက်ခိုင်ထွေး မောင်းနှင်ပြီး အောင်ဇေ လိုက်ပါလာသည့် NISSAN CANTER ၆ ဘီးမော်တော်ယာဉ် ၂ စီးပေါ်မှ ပလတ်စတစ်ပီပါများဖြင့်ထည့်လျက် ဓာတုပစ္စည်း PROPIOPHENONE ၁၀၂၀ လီတာ အားလည်းကောင်း၊ သတင်းကွင်းဆက်အရ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန် အဆိုပါနေရာတွင် ထွန်းဘော် မောင်းနှင်ပြီး အောင်ကျော်ခန့် လိုက်ပါလာသည့် ၁၂ ဘီးမော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ကဖင်း ၃ ဒသမ ၉၇၅ တန်နှင့် အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃၅ တန်တို့အား လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေပိုင်းတွင် ထိန်းချုပ်ဓာတုပစ္စည်းများ တာဝန်ခံပို့ဆောင်ခိုင်းသူ မတင်တင်စု(ခ)စုမြ(ခ)မစု အား ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ ငုရွှေဝါလမ်းရှိဂိုဒေါင်တွင် HINO ၆ ဘီး မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၅ တန်နှင့်လည်းကောင်း၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် လွှမ်းမိုးနှင့် ကိုမျိုးတို့ ၂ ဦးအား ကလေးမြို့၊ မြို့လှရပ်ကွက်နှင့် တောင်ဇလပ်ရပ်ကွက်တို့တွင် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၅ တန်၊ CANTER ၆ ဘီးမော်တော်ယာဉ် ၁ စီး၊ မှန်လုံယာဉ် ၁ စီးတို့နှင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိဓာတုပစ္စည်း PROPIOPHENONE ၁၀၂၀ လီတာ၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁၃ ဒသမ ၉၇၅ တန်နှင့် အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃ တန်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းများအား မြန်မာ – အိန္ဒိယနယ်စပ်မှ ကလေးမြို့သို့ သယ်ဆောင်ပြီး မန္တလေးတိုင်းဒေသကြီးမှတစ်ဆင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုရန် ရှမ်းပြည်နယ်သို့ တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။