၁၈. ၈. ၂၀၂၄
Written By Zun
ရခိုင်ပြည်တောင်ပိုင်းရှိ သံတွဲမြို့ပေါ်တွင် AA က စစ်ရှောင်နေကြသည့် အများပြည်သူ နေအိမ်များကို ဖောက် ထွင်း ဝင်ရောက်လျက်ရှိကြောင်း ဖောက်ထွင်းခံရသော စစ်ရှောင်များက MT News ကို ပြောပြကြသည်။
လက်ရှိ သံတွဲမြို့ပေါ်တွင် AA က ဝင်ရောက်နေရာယူထားခြင်းဖြစ်ပြီး ယင်းတို့က နေအိမ်များကို ဖောက်ထွင်းကာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသော ချက်ပြုတ်စားသောက်ဖွယ်ရာများကို ယူဆောင်၍ အဆိုပါ နေအိမ်များ ပေါ် ၌ပင် ချက်ပြုတ်စားသောက်နေကြကြောင်း သိရသည်။
“အခုက AA က မြို့ပေါ်မှာ ရှိနေတာလေ။ သူတို့ပဲ ရှိနေတာ။ ကျွန်မတို့အိမ်ဆိုရင် အ.ထ.က (၁) ကျောင်းနဲ့ နီးတယ်။ အဲဒီမှာ အိမ်ကို တံခါးပိတ်ပြီး ရန်ကုန်ကို စစ်လာရှောင်နေကြတာ။ အခု အိမ်အခြေအနေကို သိရတာက AA တွေက အိမ်ပေါ်ထိ တက်ပြီး ရှိတာအကုန် ချက်ပြုတ်စားသောက် ပွစာတက်ပြီး ဖြစ်နေပြီတဲ့။ အိမ်ပြန်ရင် တောင် အိမ်ကို မှတ်မိမှာမဟုတ်တော့ဘူး။ သူတို့က ရခိုင်အမျိုးသားရေးလို့ပြောပေမဲ့ ဒီလိုလုပ်တာက အမျိုးသားရေးမဟုတ်ဘူး။ ဓားပြလိုပါလားလို့ပဲ ပြောချင်တယ်” ဟု သံတွဲမြို့ပေါ်တွင် AA ၏ နေအိမ်ဖောက်ထွင်းမှုခံရသူက MT News ကို ပြောသည်။
သို့သော် လူမှုကွန်ရက်၌ AA ဘက်လိုက်သတင်းမီဒီယာအမည်ခံ အကြမ်းဖက်အားပေးသူများက ရေးသားရာ တွင် သံတွဲမြို့ပေါ်က နေအိမ်များကို တပ်မတော်က ဖောက်ထွင်းသည်ဟု ဖော်ပြနေကြကြောင်း ယင်းမှာ ဟုတ် မှန်မှု ရှိမရှိ MT News က ဆက်သွယ်မေးမြန်းစဉ်စစ်မရှောင်ဘဲရှိနေသည့်ဒေသခံတစ်ဦးက မဟုတ်မှန်ကြောင်း ပြန်လည် ပြောပြသည်။
“တပ်မတော်က အိမ်တွေကိုဖောက်တာ ဘယ်လိုဟုတ်ဖို့လဲဝေး။ အခုက သံတွဲမှာ တပ်ဖက်က မရှိဘူးလေ။ AA ပဲ ရှိတာလေ။ ဟုတ်လား မဟုတ်လားဆိုတာ အဖြေကိုဖြေဖို့တောင်မလိုပါလားဝေး။ AA က ဖောက်တာ။ AAပဲ ဖောက်တာ ဝေး။ ငါတို့လည်း အပြင်ကိုမထွက်၊ လိုအပ်မှထွက်တယ်။ မြို့ပေါ်မှာကျန်နေတာ ကြောက်တော့ကြောက်တာ ပါ့။ ဒါပေမဲ့အိမ်မှာက တံခါးပိတ်ပြီးထားခဲ့လို့မရဘူးလေ။ လေကြောင်းက လာပြီးဗုံးကြဲရင်လည်းမတတ် နိုင်ဘူးပေါ့ဝေး”ဟု ယင်းက MT News ကို ပြောသည်။
တပ်မတော်နှင့် AA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် AA က သံတွဲမြို့ကိုအသာစီးရရှိကာ သံတွဲအကျဉ်း ထောင်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်တွင်သိမ်းပိုက်ခဲ့ပြီး လူသတ်၊ မုဒိမ်းမှု၊ မူးယစ်၊ လုယက်နှင့် ခိုးဆိုးလုနှိုက်များကို လွှတ်ပေးပြီး နောက်ပိုင်း အဆိုပါ ဖောက်ထွင်းခံရသည့်ဖြစ်စဉ် များပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ဒွါရာဝတီ ခေါ် သံတွဲမြို့ သည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်နှင့် သံတွဲမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်ပြီး ကမ္ဘာကျော် ငပလီကမ်းခြေနှင့် ၄ မိုင်ခန့်၊ မဇင်လေဆိပ်နှင့် ၇ မိုင်ခန့်သာ ဝေးသောမြို့လည်းဖြစ်သည်။ ထို့အတူ သံတွဲမြို့ကို AA က ထိန်းချုပ်ထားပြီးဖြစ်သည်ဟု ဇူလိုင်လလယ်ကပင် ထုတ်ပြန်ထားပြီး နေအိမ်ဖောက်ထွင်းဝင်ရောက်ထားသည့်ပုံများ ယခုရက်ပိုင်းတွင် ပျံ့နှံ့လာချိန်မှာသာ အမှန်တကယ်ဖောက်ထွင်းဝင်ရောက်နေထိုင်သည့် AA လက်နက်ကိုင်များက တပ်မတော်အပေါ် အပြစ်ဖို့နေခြင်းဖြစ်သည်။
ပုံစာ။ လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး AA ဖောက်ထွင်းမှုခံထားရသော်လည်း တပ်မတော်ကို လွှဲချနေသည့် ပုံရိပ်အချို့ (Photo – CJ)