◾️ ပြည်ပမှ ဆီတင်သင်္ဘောများ စဉ်ဆက်မပြတ် ဝင်ရောက်နိုင်ရေးအပြင် ခွဲတမ်း PO များ အမြန်ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးနေ
၁၈. ၈. ၂၀၂၄
Written by Nyein Kyaw
စက်သုံးဆီတန်းစီဝယ်ယူမှုများ ပပျောက်ရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်နေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပို့ဆောင်ဖြန့်ဖြူးမည့် စက်သုံးဆီများအား ယခင်ထက် ပိုမိုပို့ဆောင်ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ယာဉ်တန်းစီဝယ်ယူမှု များပြားလျက်ရှိသဖြင့် လျော့နည်းကျဆင်းရန်အတွက် ဆီသယ်ယာဉ်မရောက်မီ ကာလအတွင်း စက်သုံးဆီအမယ်အချို့ အချိန်ပိုင်းပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိသဖြင့် ပုံမှန်ဖြန့်ဖြူးပေးမှုအပြင် လိုအပ်သည့်ဆိုင်များအား အရေးပေါ်ထပ်မံတိုးမြှင့်ဖြည့်တင်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
စက်သုံးဆီဝယ်ယူခွင့်ပြုထားသည့် Importer ကုမ္ပဏီများအနေဖြင့် Terminal များတွင် Demand တင်ပြီး စက်သုံးဆီအရောင်းဆိုင်များသို့ အမြန်ဆုံးပို့ဆောင်ရေး စီမံဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း၊ ပြည်တွင်းစက်သုံးဆီ လက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘော များ၏အခြေအနေအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိနိုင်ကြောင်းကိုလည်း စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားပြီးဖြစ်သည်။
ထို့ပြင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှတာဝန်ရှိသူများ၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှတာဝန်ရှိသူများမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ခွဲဝေသည့် PO (Purchase Order) များ အမြန်ထုတ်ယူနိုင်ရေး၊ ဆက်လက်ခွင့်ပြုလျက်ရှိသော အရောင်းဆိုင်များအတွက်စက်သုံးဆီ ဝယ်ယူခွင့်ပြုလျက်ရှိသည့် စက်သုံးဆီများကိုလည်း စဉ်ဆက်မပြတ်ထုတ် ယူရန်ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အလားတူ Terminal များမှ သက်ဆိုင်ရာအရောင်းဆိုင်များသို့ ပို့ဆောင်ဖြန့်ဖြူးမည့် ဆီတင်ယာဉ်များ အချိန်မီပို့ဆောင်ဖြန့်ဖြူးနိုင်ရေး နေ့ညမပြတ် ကြီးကြပ်ကွပ်ကဲ စီမံဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်းသို့ စက်သုံးဆီဖူလုံစွာ သုံးစွဲနိုင်ရေး စီမံဆောင်ရွက်နေစဉ် ကာလအတွင်း ပြည်ပမှဆီတင်သင်္ဘောများ စဉ်ဆက် မပြတ်ဝင်ရောက်နိုင်ရေးအတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိသဖြင့် ယခင်ရက်များထက် တန်းစီဝယ်ယူမှုများ စတင်လျော့ကျလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် မလိုအပ်ဘဲစိုးရိမ်စိတ်ဖြင့် စက်သုံးဆီ ဝယ်ယူသိုလှောင်ခြင်း၊ တန်းစီထုတ်ယူ၍ ဈေးနှုန်းမြှင့်တင် တစ်ဆင့်ပြန်လည် ရောင်းချခြင်းမပြုလုပ်ရန်၊ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့်လည်း တန်းစီဝယ်ယူမှုများ ပပျောက်ရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပါသဖြင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ပို့ဆောင်ဖြန့်ဖြူးမည့် စက်သုံးဆီများအား ယခင်ကထက်ပိုမိုပို့ဆောင်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
ပုံစာ- ယခုရက်ပိုင်းအတွင်း သီလဝါဆိပ်ကမ်းရှိ Terminal တွင် စက်သုံးဆီ ထုတ်ယူနေမှုကို တွေ့ရစဉ် (Pho-MOI)