၁၈. ၈. ၂၀၂၄
Written by Nay Moe
သင်္ကန်းဝတ်ရဟန်းဘဝကနေ မန္တလေး PDF ထဲဝင်ပြီး လက်နက်ကိုင်သွားတဲ့ သျှင်မင်းဝဏ်ဟာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးဖော်ဆောင်နေတဲ့ ရှေ့တန်းတစ်နေရာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
သျှင်မင်းဝဏ်ဟာ ရဟန်းဝတ်စဥ်ကတည်းက PDF တွေကို ထောက်ခံအားပေးသူဖြစ်ပြီး သင်္ကန်းဝတ်နဲ့ ထောက်ပို့လုပ်နေရာက ၂၀၂၁ အကုန်ပိုင်းမှာ လက်နက်ကိုင်ခဲ့သူဖြစ်ပြီး သူလက်နက်ကိုင်လို့ ၂ နှစ်အကြာမှာ သူ့အဖေသေဆုံးသွားတဲ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ဧပြီလတုန်းကလည်း ဦးခေါင်း ကျည်ထိမှန်ခဲ့ပေမဲ့ မသေခဲ့ဘဲ ဩဂုတ်လ ၁၀ ရက်နေ့မှာ စတင်ဖော်ဆောင်ခဲ့တဲ့” မြင်းခြံခရိုင်အထူးစစ်ဆင်ရေး “အဖြစ် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးကို တိုက်ခိုက်ချိန်မှ တိုက်ပွဲအတွင်း ကျည်ထိမှန်သေဆုံးသွားတာဖြစ်ပါတယ်။
“စော်လား… မရှိပါဘူး….အမေကဒီစစ်ထဲမသေခဲ့ရင် သင်္ကန်းပြန်ဝတ်ရမယ်ဆိုလို့…”လို့ သျှင်မင်းဝဏ်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါသေးတယ်။
NUG ဩဇာခံ MDY PDF ဟာ တရုတ်ကိုးကန့် MNDAA လက်အောက်ခံတပ်အဖြစ်နဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ခု၊ ရှမ်းမန်းစစ်ဆင်ရေးနဲ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးတွေအဖြစ် မန္တလေးတိုင်း စဉ့်ကူး၊ မတ္တရာ၊ တကောင်း၊ ဒီပဲယင်း၊
သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲတွေ ပါဝင် ဆင်နွှဲနေပြီး သျှင်မင်းဝဏ်ကလည်း မန္တလေး PDF အဖြစ် ပါဝင်တိုက်ခိုက်ခဲ့သူ ဖြစ်ပါတယ်။
သင်္ကန်းဝတ်ရဟန်းဘဝနဲ့ လက်နက်ကိုင်တဲ့အထဲမှာ PDF တွေနဲ့ ပြည်သူတွေအပါအဝင် လူ ၂၀ ကျော်သတ်ဖြတ်ထားတဲ့ ယင်းမာပင် PDF အဖွဲ့က ဗိုလ်သံမဏိက ထင်ရှားပြီး သူဟာ အပြစ်မဲ့ လူ ၂၀ ကျော်သတ်ဖြတ်ပေမဲ့လည်း သူ့ရဲ့ ကိုယ်ရေးအရာရှိဟာ CRPH နဲ့ NUG ထူထောင်သူ ဦးအောင်ကြည်ညွန့်ရဲ့ သမက်ဖြစ်နေတာကြောင့် အရေးယူမခံခဲ့ရပါဘူး။