၁၈.၈.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဝါးပိုရေကျေးရွာအနီး ရွာငံ-ပင်းတယဖြတ်လမ်းတွင် ယနေ့ သြဂုတ်လ ၁၈ ရက် နံနက် ၉ နာရီခန့်က ဆိုင်ကယ်တစ်စီး လမ်းဘေးချောက်အတွင်းပြုတ်ကျရာမှ ဆိုင်ကယ်မောင်းသူ သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ရွာငံ)ထံမှ သိရသည်။
အမျိုးသားနှစ်ဦး စီးနင်းလာသော ဆိုင်ကယ်မှာ ပင်းတယမှ အပြန်တွင် လမ်းဘေးရှိ ၁၅ ပေခန့်နက်သော ချောက်ထဲ ပြုတ်ကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး အသက် ၃၅ နှစ်အရွယ်ခန့် ဆိုင်ကယ်မောင်းသူမှာ ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးခဲ့သည်။
ယင်းနောက် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသော အသက်၂၄ နှစ်အရွယ် အမျိုးသားမှာ ခြေထောက်အနည်းငယ် ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း သိရသည်။
” သူတို့၂ယောက်က ပင်းတယကနေ သူတို့ရွာဖြစ်တဲ့ ကျောက်ဆည်မြို့ လက်ပံရွာကို အပြန်မှာဖြစ်သွားတာ၊ ကျွန်တော်တို့ရောက်တော့ တစ်ယောက်က အသက်မရှိတော့ဘူး”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ရွာငံ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့ကို မြိုင်တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။