၂၄.၁၂. ၂၀၂၂
Written by Phyo Wei
တရုတ်နိုင်ငံဘက်မှာ ကိုဗစ်တွေ ကူးစက်ပြန့်ပွားနေတာကြောင့် မြန်မာဘက်က ပို့ကုန်လုပ်ငန်းရှင်တွေ အခက်တွေ့နေတဲ့ ဒီကာလမှာ လက်နက်ကိုင်လာသူတွေကလည်း အချီကြီးရနိုင်တဲ့ ရွှေဆိုင်တွေ ဘဏ်တွေကို ဦးတည်ပြီးတော့ လုယက်လာကြတာကို ပိုကြုံလာနေရတဲ့ အခါသမယလည်းဖြစ်နေပြန်ပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲနီးလာလေလေ ဒီရွေးကောက်ပွဲပျက်အောင် ဘက်ပေါင်းစုံက အပတ်တကုတ် လုပ်ဆောင်ကြတဲ့နေရာမှာ တောကြောင်တွေကလည်း ဝင်ပြီး လက်ခမောင်းခတ်မှာမို့လို့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအတွက်တော့ အရင်ကထက် အဆပေါင်းများစွာ သတိထားရတော့မဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ခြောက်လအတွင်းမှာ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိလာနေတယ်ဆိုတဲ့အကြောင်း၊ ငွေကြေးဖောင်းပွမှုက ၁၁ ရာခိုင်နှုန်းကျော်လာပြီဆိုတဲ့အကြောင်းတွေနဲ့ မဲဆောက်ဘက်ကို ရောက်ရှိသွားတဲ့ မြန်မာ့စီးပွားရေးသမားတွေအကြောင်းကို တင်ပြချင်ပါတယ်။
၃ ဒသမ ၄ ရာခိုင်နှုန်းအထိ တက်လာတယ်ဆိုတဲ့ မြန်မာ့စီးပွားရေး
အလုံးစုံပျက်သုဉ်းပြီးမှ အသစ်က ပြန်တည်ဆောက်မယ်ဆိုတဲ့ နုံခြာတဲ့အတွေးတွေနဲ့ ဘက်ပေါင်းစုံကနေ ပြိုပျက်ရေးလုပ်နေတဲ့ကာလမှာ စီးပွားရေးတိုးတက်နေတယ်ဆိုရင် ယုံကြမှာမဟုတ်ပေမဲ့ တကယ်တော့လည်း ဒါဟာ အမှန်တရားပါ။ ကိုဗစ်ကြောင့် ထိခိုက်နေတဲ့ ခရီးသွားကဏ္ဍတစ်ခုလောက်ကလွဲရင် ကျန်တဲ့ကဏ္ဍစုံက အားလုံးသောလုပ်ငန်းတွေဟာ အရင်လိုစီးပွားရေးကောင်းမွန်ချိန်ကလို မဟုတ်တောင်မှ ပုံမှန်လည်ပတ်နေပါတယ်။
စစ်ရှောင်နေရတယ်ဆိုတဲ့ စာရင်းက လူ ၁ သန်းခွဲဆိုတဲ့နေရာမှာလည်း တစ်သန်းလောက်က ဘင်ဂလားဒေ့ရှ်ပြေးသွားတဲ့ အရေအတွက်ကို ထည့်ပေါင်းထားတာပါ။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၅ သန်းမှာ ၅ သန်းလောက်ကပဲ အလုပ်မလုပ်နိုင်ကြ၊ စစ်ရှောင်နေကြတဲ့ အခြေအနေဖြစ်နေပါလို့ဆိုရမှာဖြစ်ပြီး ကျန်တဲ့လူ သန်း ၅၀ လောက်ကတော့ အသက်ဆက်ရှင်ဖို့နဲ့ ကိုယ့်ရည်မှန်းချက်ပြည့်စုံဖို့ နည်းမျိုးစုံကြံဆပြီး လုပ်ကိုင်နေကြတာကြောင့် မြန်မာ့စီးပွားရေးဟာ အနှုတ် ၁၈ လောက်ကနေ ၃ ဒသမ ၄ အထိ ပြန်တက်လာခဲ့တာပါ။
ဒါဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေးတိုးတက်ဖို့အတွက် ရည်မှန်းထားတဲ့ ၃ ဒသမ ၇ ရာခိုင်နှုန်းရဲ့ အနီးဆုံးအနေအထားအထိ တိုးတက်ခဲ့တယ်လို့လည်း ဆိုရမှာပါ။ ဒါပေမဲ့လည်း ဒီနှုန်းကို ဆက်ထိန်းထားနိုင်ဖို့ဟာ မကြာခင်ကာလမှာ ထပ်မံမြင့်တက်လာမဲ့ ပဋိပက္ခတွေကြောင့် အကျပ်တွေ့နိုင်ပေမဲ့လည်း ပြည်တွင်းခရီးသွားကဏ္ဍကတော့ ပြန်လည်ပွင့်လန်းလာလို့ လျာထားချက်တော့ ပြည့်မီနိုင်ဖွယ်ရှိပါတယ်။
ငွေကြေးဖောင်းပွမှု ၁၁ ရာခိုင်နှုန်းကျော်လာတဲ့ အခြေအနေ
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ပြန်တက်လာတယ်ဆိုပေမဲ့ အရင်ကလို ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းပတ်လည်မှာ တိုးတက်နေတာမဟုတ်ဘဲနဲ့ အနှုတ် ၁၈ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားရာကနေ ၃ ရာခိုင်နှုန်းကျော်ပြန်တက်တာမို့ မက်လောက်စရာမဟုတ်ပါဘူး။
ဒီလိုမက်လောက်စရာမဟုတ်တဲ့အပြင် ငွေကြေးဖောင်းပွမှုက ၂၀၂၁ ဇူလိုင်မှာ ၂ ဒသမ ၈ ရာခိုင်နှုန်းကနေ ၂၀၂၂ ဇူလိုင်မှာ ၁၄ ဒသမ ၀၂ ရာခိုင်နှုန်းကို တက်လာတာပါ။ လက်ရှိကာလမှာ အဲဒီလိုဆက်မတက်ဘူး ငြင်းနိုင်ပေမဲ့ ဒီနေ့ ငြိမ်သက်မှုတွေဟာ အတက်စျေးက ပြန်မကျတော့တာပါ။ ဒါကြောင့် ပြည်သူတွေက တက်စျေးမိနေတဲ့ ကုန်စျေးနှုန်းအမြင့်မှာ ဝယ်ယူစားသောက်နေရသလို ပိုပြီးဆိုးတာက မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ စျေးကစားသူတွေကြောင့် ဖြစ်သင့်တာထက် ၁၄ ရာခိုင်နှုန်းလောက်ပိုတက်နေတာပါ။
ဒါကြောင့် မြန်မာပြည်သူတွေဟာ ငွေကြေးဖောင်းပွမှုကြောင့် ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို လိုတာထက်ပိုခံစားနေရသလို အမှန်တကယ်မှာ ၁၁ ရာခိုင်နှုန်းလောက်ပဲ ငွေကြေးဖောင်းပွတယ်ဆိုပေမဲ့ စျေးကစားသူတွေကြောင့် ၁၄ ရာခိုင်နှုန်းလောက်မြင့်တက်တဲ့ဒဏ် ထပ်ဆောင်းခံရပြီး အဲဒါအပြင်ကိုမှ ကောလာဟလလွှင့်ပြီး စျေးဆွဲတင်သူတွေကြောင့်လည်း ငွေဖောင်းပွမှုဒဏ် ခံနေကြရသေးတာပါ။ လတ်တလောကာလမှာ ငွေဖောင်းပွမှုလျော့ကျပြီး ကုန်စျေးနှုန်းတည်ငြိမ်အောင်လုပ်ဆောင်နေတယ်ဆိုပေမဲ့ ကဏ္ဍစုံလှုပ်ခတ်မှုတွေကြောင့် လိုတာထက်မြင့်တက်နေတဲ့ ကုန်စျေးနှုန်းကတော့ လျှော့ချမရတာလည်း မျက်မြင်တွေ့နေရဆဲပါ။
မဲဆောက်က စီးပွားရေးဇာတ်လမ်းများ
၂၀၂၁ ဖေဖော်ဝါရီ ပဋိပက္ခ နွေဦးတော်လှန်ရေးမှာ အလုံးစုံပျက်သုဥ်းရေးလုပ်ကြတာကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်မရတော့ဘူးထင်သူတွေ၊ ဒီပဋိပက္ခက ဆယ်စုနှစ်ချီကြာမယ်ထင်သူတွေက ပိုင်ဆိုင်မှုတွေ ရောင်းချ ထိုင်းဘက်ကို ရွှေ့ပြောင်းကြပါတယ်။ ဒီလိုရွှေ့ပြောင်းရာမှာ ထက်ဝက်လောက်က မြန်မာပြည်မှာရှိတဲ့ပိုင်ဆိုင်မှုတွေ ရောင်းချပြီး ရွှေ့ပြောင်းကြပေမဲ့ ထက်ဝက်လောက်ကတော့ အများသူငါကူညီထောက်ပံ့ငွေတွေ ဇိမ်ခံကျ၊ စီးပွားရေးထူထောင်ကျ၊ ကိုယ်ကျိုးသုံးပျော်ပါးကြတာပါ။
ဒီလိုမျိုးဖြစ်စဥ်တွေထဲမှာ ထူးခြားတာကတော့ မြန်မာနဲ့ ကမ္ဘာမှာရှိတဲ့ ပြည်သူလူထုအလှုငွေနဲ့ ရပ်တည်နေကြတဲ့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ဟာ မယားငယ်ထားပြီး သားလေးတစ်ယောက်ရ၊ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီနဲ့ ဇနီး မသီတဂူက မဲဆောက်မှာ ဘားနဲ့ဆေးခြောက်ဆိုင်ဖွင့်ပြီး ပြည်သူကလှုတဲ့ငွေတွေ ကိုယ်ကျိုးသုံးနေတယ်လို့ လူမှုကွန်ရက်မှာ ဖွင့်ချလာမှုပါ။
ဒီလိုဖွင့်ချလာတာကို အကဲဆတ်ဆတ်တုံ့ပြန်တတ်တဲ့ NUG နဲ့ မေးမြန်းစုံစမ်းတာတောင် ဖြေရှင်းမှုမရှိသေးတဲ့ ဦးလွင်ကိုလတ်၊ ဦးကျော်နီ၊ မသီတဂူတို့ရဲ့ အခြေအနေကလည်း သူတို့လူထုအလှုငွေတွေ တကယ်သုံး မသုံး ဘာလို့မရှင်းတာလဲဆိုတာက စိတ်ဝင်စားစရာပါ။
တကယ်တော့ ထိုင်းဟာ မြန်မာလုပ်သားတွေ အရမ်းအားကောင်းတဲ့ဒေသဖြစ်ပြီး ထိစပ်မြို့ကြီးအများစုကလည်း မြန်မာမြို့လိုပါပဲ။ ဒီလိုနေရာမျိုးတွေမှာ NUG ရဲ့ ဝန်ကြီးတွေဟာ ထိုင်းလူမျိုးတွေတောင် ဖွင့်ဖို့တုံ့ဆိုင်းနေတဲ့ ဆေးခြောက်နဲ့ ဘားဆိုင်ဖွင့်ရဲလာတာဟာ အလှုငွေပို့နေသူပြည်သူတွေအတွက် စိတ်မကောင်းစရာပေမဲ့ NUG အတွက်တော့ ဂုဏ်ယူ တိုးတက်မှုပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။