၁၈. ၈. ၂၀၂၄
Written by Nay Moe
ပြီးခဲ့တဲ့ရက်ပိုင်းထဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံဆီ လာရောက်ပြီး နစကအစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေအပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ တရုတ်နိုင်ငံက မြန်မာနစကအစိုးရအဖွဲ့ကို ဒေါ်လာသုံးဘီလျံ အတိုးမဲ့ချေးပေးတာနဲ့ပတ်သက်လို့ NUG က မေးမြန်းအတည်ပြုမယ်လို့ NUG စီမံဘဏ္ဍာဝန်ကြီးဆိုသူဦးတင်ထွန်းနိုင်က ပြောလာပါတယ်။
“ဒီရက်ပိုင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အရေးပေါ် လာရောက်တဲ့ ခရီးစဉ်နဲ့ဆက်စပ်ပြီး SAC ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ချေးလိုက်တယ်ဆိုတဲ့ သတင်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာတာကိုတွေ့မိပါတယ်..။ အဆိုပါ သတင်းရဲ့ ခိုင်မာမှုကို ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သက်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မေးမြန်းအတည်ပြုသွားမှာဖြစ်သလို.. တပြိုင်နက်တည်းမှာ.. ပြည်ပနိုင်ငံတခုခုရဲ့ ထောက်ပံ့ငွေ၊ အကူအညီရငွေ၊ ချေးငွေတွေနဲ့ စပ်လျဉ်းတဲ့ NUG ရဲ့ မူဝါဒကို ရှင်းလင်းပြတ်သားအောင် အသိပေးလိုပါတယ်”လို့ ဦးတင်ထွန်းနိုင်က ရေးသားထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိခရီးစဥ်မှာ နယ်မြေလုတိုက်ခိုက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တရုတ် MNDAA အပါအဝင် လက်နက်ကိုင်တွေရဲ့ လုပ်ရပ်ကို လက်မခံဘူးလို့ ပြောခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့သလို လက်ရှိလုပ်ဆောင်နေတဲ့ ၂၀၂၄ သန်းခေါင်စာရင်းကောက်ခံမှုနဲ့ ရွေးကောက်ပွဲအတွက် ကူညီပေးမယ်လို့ တရုတ်နိုင်ငံဘက်ကပြောခဲ့ပါတယ်။
ဒါ့အပြင် ဦးသန်းရွှေကလည်း မြန်မာနိုင်ငံကို ပြည်ပဝင်ရောက်စွက်ဖက်တာ ကာကွယ်ဖို့နဲ့ ပြည်တွင်းတည်ငြိမ်မှုထိန်းသိမ်းရာမှာ တရုတ်နိုင်ငံက တန်ဖိုးရှိတဲ့ အထောက်အပံ့တွေ ဆက်လက်ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။