၁၈. ၈. ၂၀၂၄
Written by Nay Moe
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ကို ဒီမနက်အစောပိုင်းမှာ PDF ပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်နိုင်ပြီလို့ ဒီပဲယင်းပကဖ အတည်ပြုထုတ်ပြန်မှုနဲ့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဒီပဲယင်းမြို့ကို PDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလထဲကစ တိုက်ခိုက်သိမ်းယူမှုတွေ လုပ်နေတာဖြစ်သလို ဩဂုတ် ၁၅ ရက်ကစ အပြီးသတ်သိမ်းယူဖို့ တစ်ကျော့ပြန် တိုက်ခိုက်နေကြတာဖြစ်ပြီး သြဂုတ် ၁၇ ရက်မှာ သာလွန်အင်အားနဲ့ အပြင်းအထန်ထိုးစစ်ဆင်ချိန် ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ တပ်စခန်းငယ်တွေကို သိမ်းလိုက်နိုင်ခဲ့တယ်ဆိုသလို ဩဂုတ် ၁၈ ရက် နံနက် ၁ နာရီခွဲဝန်းကျင်မှာ လက်ကျန်စခန်းတွေဖြစ်တဲ့ ရွှေစာလီဘုရားကုန်းနဲ့ ဇွဲစားသောက်ဆိုင် (၃ထပ်တိုက်) နေရာက တပ်ဖွဲ့ငယ်တွေကို ရှင်းလင်းပြီး မြို့ကိုသိမ်းလိုက်တယ်လို့ ဆိုပါတယ်။
ဒီပဲယင်းမြို့ငယ်လေးမှာ ရဲစခန်း၊ ထွေအုပ်ရုံး၊ ရွှေစာလီဘုရားကုန်းနဲ့ ဇွဲစားသောက်ဆိုင် (၃ ထပ်တိုက်) စတဲ့နေရာအနည်းငယ်မှာ လုံခြုံရေးတပ်ဖွဲ့က လူအင်အား ၁၀၀ မပြည့်တဲ့အင်အားနဲ့ ထိန်းချုပ်ထားတာဖြစ်လို့ PDF အဖွဲ့ ဆယ်နဲ့ချီပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲချိန်မှာ လေကြောင်းပစ်ကူပေးပေမဲ့လည်း PDF အင်အားရာချီတိုက်ခိုက်မှုကြောင့် မြို့ကို လက်လွှတ်ထားရတယ်လို့လည်း သိရပြီး လတ်တလောမှာတော့ ဒီပဲယင်းအနီး စိုင်ပြင်ကြီးမြို့ရဲစခန်းတစ်ခုပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ခုခံကျန်ရှိတယ်လို့လည်း ကနဦးသိရပါတယ်။