၂၅. ၁၂ .၂၀၂၂
Written By Myo Khine
SAC ၏ ငြိမ်းချမ်းရေးကော်မတီက ၂၀၀၈ ခြေဥတွင် ပြင်ဆင်လိုသည့် အချက်များကိုဆွေးနွေးရန် ဖိတ်ကြားမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့က ငြင်းပယ်လိုက်ပြန်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) အနေဖြင့် EAO အဖွဲ့ ၇ ဖွဲ့ ဖြစ်သော သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU-KNLA (PC) ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ထံ ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအဖွဲ့များ၏ ဥက္ကဋ္ဌအပါအဝင် တစ်ဖွဲ့လျှင် ၃ ဦးစီကို ဒီဇင်ဘာ ၂၈ ရက်၊၂၉ ရက်နှင့် ၃၀ ရက်တို့တွင် တွေ့ဆုံရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သောကြောင့် အဖွဲ့ ၇ ဖွဲ့အနေဖြင့် အရေးပေါ် အစည်းအဝေး ပြုလုပ်ကာ ဒီဇင်ဘာ ၂၃ ရက်တွင် အကြောင်းပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
NSPNC ဘက်က တစ်စုံတစ်ခု ကြိုတင်ညှိနှိုင်းမှု မရှိဘဲ ယခုကဲ့သို့ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြင်ဆင်လိုသည့် အချက်များအပေါ်ဆွေးနွေးရန် ဖိတ်ခေါ်ခြင်းမှာ အဆင်မပြေကြောင်းနှင့် အဖွဲ့ ၇ ဖွဲ့အနေဖြင့် အလွတ်သဘောကို အရင်ဆုံး ဆွေးနွေးလိုသည့် ဆန္ဒသာရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်က ယင်း EAO ၇ ဖွဲ့ အနေဖြင့် NSPNC ဘက်ကို ဒီဇင်ဘာ ၁၂ ရက်တွင် အလွတ်သဘော တွေ့ဆုံရန် ကမ်းလှမ်းခဲ့သော်လည်း NSPNC ဘက်က အဆင်မပြေသေးကြောင်း ပြန်လည်အကြောင်းကြားစာ ပေးပို့ခဲ့သေးသည်။
“ကျွန်တော်တို့က အလွတ်သဘော ကမ်းလှမ်းတယ်။ သူတို့က အလွတ်သဘောကို ငြင်းပယ်တယ်။ အခုက သူတို့ တရားဝင်ဥက္ကဋ္ဌတွေကို ဖိတ်ခေါ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ဆွေးနွေးမယ်။ ကျွန်တော်တို့ကလည်း ၂၃ ရက်မှာပဲ အစည်းအဝေးထိုင်ပြီးတော့ အဲဒီနေ့မှာပဲ ပြန်ကြားလိုက်တယ်။ စာထဲမှာ ပြန်လိုက်တဲ့အကြောင်းအရာက ဒီလို တစ်နိုင်ငံလုံးနဲ့ လွှမ်းခြုံတဲ့ ကိစ္စရပ်တွေကို တစ်ဖက်က ခေါ်တဲ့ အချိန် ၊ တစ်ဖက်က ခေါ်တဲ့နေရာ ၊ တစ်ဖက်က စီစဉ်တဲ့အတိုင်း လိုက်ပါဆောင်ရွက်ရတာထက် ကျွန်တော်တို့ နှစ်ဖက်စလုံးကနေပြီးတော့ လူးသာလွန့်သာ အဆင်ပြေပြေနဲ့ ပူးပေါင်းဆောင်ရွက်လို့ ရနိုင်တဲ့ Joint Connection ဖြစ်အောင် ဒီလိုမျိုးတရားဝင် ဆွေးနွေးမှုတွေ လုပ်ကြမယ်ဆိုလို့ရှိရင် မလုပ်ခင်မှာ အလွတ်သဘော ကြိုတင်တွေ့ပြီးတော့ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် ဘယ်နေရာ မှာ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးကြမယ်ဆိုတာကို သတ်သတ်မှတ်မှတ် နှစ်ဖက်စလုံး ကြိုတင်ပြီးတော့ သိရှိပြင်ဆင်ပြီးမှ ဆောင်ရွက်ပေးနိုင်ဖို့ ဆိုတာကို စာမှာ အဓိက အကြောင်းအရာအဖြစ် ပြန်လိုက်တာ ဖြစ်ပါတယ်”ဟု PPST ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် (EAO) ၇ ဖွဲ့၏ ဦးဆောင်ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သော ဗိုလ်မှူးကြီး စောကျော်ညွန့် က MT News သို့ ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ အနေဖြင့် မည်သည့် ခေါင်းစဉ်ဖြင့်ပင်ဖြစ်စေ တွေ့ဆုံဆွေးနွေးမည့်ကိစ္စများအပေါ် ကြိုတင်၍ အလွတ်သဘော ညှိနှိုင်းမှုမပြုလုပ်ဘဲ တက်ရောက် ဆွေးနွေးရန် အဆင်မပြေကြောင်းနှင့် ယင်းသို့ ကနဦး အလွတ်သဘောတွေ့ဆုံပြီးမှ တရားဝင် တွေ့ဆုံခြင်းကသာ နှစ်ဖက်အကျိုးရှိနိုင်မည်ဟုလည်း သုံးသပ်ထားကြခြင်း ဖြစ်သည်။
“တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ အချက်အလက်အပေါ်မှာ ကျွန်တော်တို့ ၇ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ အဖွဲ့က ဘာမှ ကြိုတင်ညှိနှိုင်း တိုင်ပင်ပြီး နှစ်ဖက်လုံးအတွက် အဆင်ပြေနိုင်တဲ့ အချိန်၊ နေရာ၊ Agenda က အစ အလွတ်သဘောတစ်စုံတရာ ကြိုတင်ညှိနှိုင်းမှုမလုပ်နိုင်သေးခင်မှာတော့ အဖွဲ့အနေနဲ့ တက်ရောက်ဖို့ အခက်အခဲ ရှိတယ်ဆိုတာကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှာပဲ စာပြန်ကြားထားပါတယ်။ အဲဒီလိုမျိုး ငြိမ်းချမ်းရေးအတွက်ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ပဲ ဖြစ်ဖြစ် နောက်နောင် ကျွန်တော်တို့ လုပ်ချင်တဲ့ ပုံစံကတော့ အလွတ်သဘောမှာ ကျွန်တော်တို့ ကမ်းလှမ်းတဲ့ အတိုင်းပါပဲ။ တရားဝင် တွေ့ဆုံညှိနှိုင်းမှုတွေ မလုပ်ခင်မှာ အလွတ်သဘောတွေ့ဆုံညှိနှိုင်းမှုတွေ အရင်ကြိုတင်လုပ်ပြီးတော့ နှစ်ဖက်လုံးအတွက် အဆင်ပြေမယ့်နေရာ၊ အချိန်နဲ့ အကြာင်းအရာ Agenda က အစ ကြိုတင်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်သင့်တယ်။လုပ်ရင် ဒါ နှစ်ဖက်လုံးအတွက် အကျိုးရှိနိုင်ပါတယ်ဆိုတာကို စာပြန်လိုက်တာပါ။ ဒီ ၇ ဖွဲ့က အခွင့်အရေးယူပြီး ကိုယ့်အတွက်ပဲ ကြည့်ပြီးတော့ ကြိုးပမ်းတာမဟုတ်ဘူး။ကျွန်တော်တို့သွားနေတဲ့ အခင်းအကျင်းက နစက က ဖိတ်ခေါ်တဲ့ အစီအစဉ်အတိုင်း တစ်ဖွဲ့ ဖိတ်တယ်ဆိုရင် တစ်ဖွဲ့ သွား၊ သူတို့ဖိတ်တဲ့ ရက်၊ နေရာ အစီအစဉ်အတိုင်း အဲဒီလိုမျိုးလိုက်ပါဆောင်ရွက်ရတာ EAO တွေအတွက် တကယ်ပဲ အခက်အခဲ ဖြစ်ပါတယ်။ ဥပမာ ပါတီစုံဒီမိုကရေစီဖော်ဆောင်ရေးကိစ္စရပ်တို့၊ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ဖို့ကိစ္စရပ်တို့ ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကိစ္စရပ်တို့ အဲဒါတွေပြောကြစတမ်းဆိုရင် တစ်ဖွဲ့ချင်းသွားတဲ့ အခင်းအကျင်းက လက်တွေ့လည်း မကျဘူး။ တကယ်လည်း အခက်အခဲ ဖြစ်တယ်။ ဥပမာပြောရရင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလုပ်မယ်ဆိုရင် ပထမဆုံး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တယ်။ ပြီးတော့ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီမှာဆွေးနွေးတယ်။ ပြီးတော့ UPDJC အတွင်းရေးမှူးက ဆွေးနွေးတယ်။ ပြီးတော့ UPDJC မှာ တစ်ခါတည်း အပြန်အလှန် တစ်ခါတည်းဆွေးနွေးဆုံးဖြတ်ကြတယ်။ ပြီးမှ ညီလာခံကို တက်ကြတယ်လေ။ ခုက ဘာမှ ပြင်ဆင်ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲနဲ့ ဒီလိုမျိုး တစ်ဖက်က ခေါ်တဲ့အချိန်၊ နေရာ၊ အစီအစဉ်အတိုင်း သွားရောက်ပြောဆိုရတဲ့ ၇ ဖွဲ့အတွက်ကတော့ တကယ်ပဲ အခက်အခဲ အကျပ်အတည်း ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ နောက်လာမယ့် ဆွေးနွေးပွဲတွေမှာ အဲဒီလိုမျိုးမခေါ်ခင် အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ကနေပြီးတော့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ကြိုတင်ညှိနှိုင်းဆွေးနွေးပြီးမှ နှစ်ဖက်လုံးအတွက် အဆင်ပြေမယ့်နေရာ၊အချိန် ၊အစီအစဉ်နဲ့ နှစ်ဖက်လုံးရဲ့ အကျိုးကိုရှေ့ရှုပြီးတော့ ဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့တာ ရှိပေမဲ့ မလုပ်ဆောင်နိုင်သေးဘူး၊ဒီလိူမျိုးမလုပ်ဆောင်နိုင်သေးတဲ့အချိန်မှာကတော့ လောလောဆယ် ငြိမ်းချမ်းရေးအတွက် ဆက်လက် ကြိုးပမ်းနေတဲ့ အဆင့်လို့ပဲ ပြောရတာပေါ့”ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။