◾ အချိန် ၂ နာရီခန့်ကြာ စက်ရုံမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင် ၃၅၀ ကျော်ဖြင့် Level 2 အဆင့် ငြှိမ်းသတ်ခဲ့ရ
၁၈.၈.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ငွေပင်လယ်(၂) လမ်းရှိ ထိုင်ဝမ်နိုင်ငံသားပိုင်ဆိုင်သော Sewell Garment (Myanmar) Indistrial Co., Ltd အထည်ချုပ်စက်ရုံတွင် သြဂုတ်လ ၁၈ ရက် နံနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုမှာ ဩဂုတ် ၁၈ ရက်သို့အကူး ည ၁ နာရီခန့်က ဖြစ်ပွားခဲ့ပြီး Level 2 ယာဥ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရကာ နံနက် ၂ နာရီ ၂၂ မိနစ်တွင်မှ မီးထိန်းနိုင်ခဲ့ပြီးအလျား ၁၁၀ ပေ၊ အနံ ပေ ၂၂၀ ရှိ Steel Structure ၁ ထပ်အထည်ချုပ်စက်ရုံမီးလောင်သည်ကို နံနက် ၂ နာရီ ၃၇ မိနစ်တွင်မှ ငြှိမ်းသတ်နိုင်ခဲ့၍ အချိန် ၂ နာရီခန့်ကြာ မီးလောင်ခဲ့ကြောင်း သိရသည်။
“မီးကတော်တော်များတယ်။ စက်ရုံတစ်ရုံလုံးနီးပါး လောင်သွားတာ။ လူထိခိုက်ဒဏ်ရာရမှုတွေတော့ မရှိပါဘူး ” ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
Sewell အထည်ချုပ်စက်ရုံ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂၁ စီး၊ ရေသယ်ယာဥ် ၁၈ စီး၊ အထောက်အကူပြုယာဥ် ၅ စီး၊ အုပ်ချုပ်မှုယာဥ် ၅ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၃၅၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုနှင့်ပတ်သက်၍ မီးလောင်ရသည့် အကြောင်းအရင်းနှင့် ဆုံးရှုံးမှုပမာဏကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်။