၁၇.၈.၂၀၂၄
Written by Hey Mar
ဆိုင်ကယ်မှောက်ရာက စကားမေးမရတော့ဘဲ မိသားစုနဲ့အဆက်အသွယ်မရရှိသေးတဲ့ လူနာကို သိရှိပါက ဝိုင်းဝန်းကူညီပေးကြဖို့ ဒဂုံမေတ္တာလူမှုကူညီရေးအသင်းက လူမှုကွန်ရက်အပါအဝင် ပရဟိတချိတ်ဆက်အသင်းအဖွဲ့တွေထံ မေတ္တာရပ်ခံထားပါတယ်။
ဖြစ်စဉ်က ဒဂုံအရှေ့ ကျန်စစ်သားလမ်းမပေါ် စွဲမက်ဘီယာဆိုင်အနီးမှာ မနေ့က ဩဂုတ် ၁၆ ရက် ည ၁၁ နာရီ အချိန်ခန့်က အသက် ၅၀ ကျော်အရွယ် အမျိုးသားကြီးတစ်ယောက် ဆိုင်ကယ်မှောက်ထားကြောင်း တာဝန်သိ ပြည်သူတစ်ဦးက လူမှုကူညီရေးအသင်းထံ ဖုန်းဆက်အကူအညီ တောင်းခံလို့ ဖြစ်စဉ်နေရာကို ရောက်ရှိချိန် လူနာရဲ့ဒဏ်ရာရရှိမှုကို ဆန်းစစ်ပြီး ဆေးရုံပို့ပေးပါလို့ လူနာက တောင်းဆိုတဲ့အတွက် မြောက်ဥက္ကလာဆေးရုံကိုလိုက်ပို့ပေးခဲ့တာပါ။ ဆေးရုံရောက်ချိန် လူနာမှာ နာမည်၊ အသက်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် မေးမြန်းလို့မရဘဲ ယာဉ်ထိန်းက ဆိုင်ကယ်ခိုးလာတာလား မေးမြန်းတာကိုသာ မခိုးကြောင်း ဖြေဆိုတာကလွဲလျှင် ကျန်တာဘယ်လိုမေးမေး အဖြေမရတဲ့အတွက် အခုလို လူမှုကွန်ရက်မှာ ချပြအကူအညီတောင်းခံရကြောင်း ရှင်းပြပါတယ်။
ဆိုင်ကယ်တိမ်းမှောက်ဒဏ်ရာရရှိသူ အဆိုပါအမျိုးသားကြီးကို ဓာတ်မှန်၊ CT Scan၊ Ultrasound ရိုက်ကူးစစ်ဆေးရာမှာ အဖြေတွေက ပြင်ပဒဏ်ရာမရှိပေမယ့် ဦးခေါင်းရိုးကျိုးသွားကာ ဦးနှောက်တစ်ခြမ်းပိန်သွားကြောင်း၊ ဦးနှောက်ထဲမှာသွေးယိုစိမ့်နေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေဖြစ်ကာ အခန့်မသင့်ပါက အသက်ပါဆုံးရှုံးသွားနိုင်တဲ့ အနေအထားမို့ သူမိသားစုဝင်တွေကိုလည်း သူ့ကိုအမြန်ပြန်တွေ့စေချင်ကြောင်းနဲ့ သိရှိပါက ဒဂုံ မေတ္တာလူမှုကူညီရေးအသင်း 09263166686 ကို ဆက်သွယ်နိုင်ပါတယ်။
လက်ရှိမှာ လူနာက မြောက်ဥက္ကလာပဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။