၁၇.၈.၂၀၂၄
Written By Zun
ယမန်နေ့ သြဂုတ်လ ၁၆ ရက်က ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်၊ စရီမဟာဖိုထိမြို့နယ်၊ ဟွာဝါ့ကျေးရွာ၊ အမှတ် ၁၃ ရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မြန်မာအလုပ်သမား ၇၀၀ ကျော်က လုပ်အားခမပေးသည့် အလုပ်ရှင်ကို ဆန္ဒပြခဲ့ကြကြောင်း ထိုင်းဒေသတွင်းသတင်းများအရ သိရသည်။
အလုပ်ရှင်မှာ တရုတ်နိုင်ငံသားဖြစ်ပြီး မြန်မာအလုပ်သမား ၇၀၀ ကျော်အား ပေးရန် လုပ်အားခမှာ ထိုင်းဘတ် ငွေ (၁၀) သန်းခန့် ရှိကြောင်းသိရသည်။
“အလုပ်ရှင်က လုပ်အားခမပေးတာ ၂ လ လောက်ရှိနေပြီ။ ဒါကြောင့် ဆန္ဒပြတာလို့ သိရတယ်။ ဆန္ဒပြတဲ့အချိန်မှာ အလုပ်ရှင်က ပြောတာကတော့ တစ်ယောက်ကို ဘတ် ၅၀၀ ပေးမယ် ဆိုပြီး ပြောတယ်။ ဒါပေမဲ့ အဲဒါကို လက်မ ခံကြဘူး။ သဘောတူညီမှု မရဘူး”ဟု ထိုင်းနိုင်ငံတွင်း မြန်မာအလုပ်သမားအရေး လိုက်ပါကူညီနေသူ၏ ပြောပြချက်ကို ကိုးကား၍ ဒေသတွင်းသတင်းများက ဖော်ပြကြသည်။
မြန်မာအလုပ်သမားများက လုပ်ခကို အပြည့်အဝပေးရန်တောင်းဆိုနေကြကြောင်း၊ အလုပ်သမားများက အလုပ်ရှင်တရုတ်နိုင်ငံသား အပါအဝင် တရုတ်နိုင်ငံသား အလုပ်သမားခေါင်းဆောင်များအား ယင်းဆောက်လုပ် ရေးလုပ်ငန်းခွင်အတွင်းမှ ထိုင်းနိုင်ငံသားများအား အပြင်သို့ ပေးထွက်ပြီး တရုတ်နိုင်ငံသားများကို အဝင်အထွက်မလုပ်စေဘဲ ပိတ်ဆို့ထားကြောင်း သိရသည်။
ဆန္ဒပြအလုပ်သမားများအဆိုအရ ယင်းတို့အနေဖြင့် နေ့စဉ် အလုပ်လုပ်ရကြောင်း၊ သို့သော်လည်း လုပ်အားခကို ရှင်းမပေးကြောင်း၊ ထို့ကြောင့် လုပ်အားခရသည်ထိအဆိုပါ နေရာ၌ပင် ဆက်လက် ဆန္ဒပြကြမည် ဖြစ်ကြောင်း ထိုင်းဒေသတင်း သတင်းမီဒီယာများ၏ ရေးသားချက်အရ သိရသည်။