၁၇.၈.၂၀၂၄
Written by Hey Mar
ဘိလပ်မြေဖျော်ရည်သယ်ယာဉ်(Concrete Mixer)က လမ်းကူးသူအမျိုးသမီးကြီးကို ကြိတ်မိတာကြောင့် အမျိုးသမီးကြီးဘယ်ခြေထောက် ဒူးအောက်ကနေ ကြိတ်မိဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တဲ့ဖြစ်စဉ် ဗိုလ်တထောင်ဘုရားလမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ ဒီနေ့ ဩဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ MZK လူမှုကူညီကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဉ်ကို မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ MZK လူမှုကူညီရေးအသင်းက ပြောရာမှာ “ဘုရားကနေအပြန် ကားလမ်းအကူးမှာ ကွန်ကရိ အရံအတားတုံးပေါ်ကနေ ခလုတ်တိုက်ခြေချော်ပြုတ်ကျပြီး ခြေထောက်က ကားအောက်ရောက်သွားတာတဲ့။ ဖြစ်တဲ့ အန်တီက အသက် ၅၀ ကျော်အရွယ်ပါ။ မြို့ထဲ ၅၃ လမ်းကလို့ ပြောတယ်။ သူ့သမီးလည်းပါပါတယ် ”လို့ MT News က မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။
ကားကြိတ်ခံရမှုကြောင့် ခြေထောက်မှာအရိုးကျိုးကြေဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တာကြောင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနဆီ MZK လူမှုကူညီအသင်းက ပို့ဆောင်ပေးခဲ့ပြီး ဘိလပ်မြေဖျော်ရည်သယ်ယာဉ်မှ ယာဉ်မောင်းဖြစ်သူကလည်း ရဲလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဖြေရှင်းနေတယ်လို့ သိရပါတယ်။