၁၇.၈.၂၀၂၄
Written by Hey Mar
အလုပ်သင်ဆရာဝန် အမျိုးသမီးငယ်တစ်ဦးရဲ့ ရုပ်အလောင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပန်းခြံထဲက ရေကန်မှာ ဒီနေ့ သြဂုတ်လ ၁၇ ရက် နေ့လယ်က ပေါ်လာတဲ့အတွက် သွားရောက်ဆယ်ယူ ပေးခဲ့ရတယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မနေ့က နေ့လယ်ပိုင်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး မြေပဒေသာကျွန်းဘက် ရေကန်စပ်မှာ အဆိုပါ အမျိုးသမီးငယ် ထိုင်နေတာကို တွေ့မြင်လိုက်သူတချို့လည်းရှိတယ်လို့ သိရပါတယ်။
“ကောင်မလေးက ၂၇နှစ်ပဲ ရှိသေးတယ်။ ၂၄ နာရီ မပြည့်ဘဲ ပေါ်တဲ့ရေကောင်က သူပဲရှိလိမ့်မယ်။ ရုပ်မပျက်ဘူးပေါ့ဗျာ။ ခုန်ချသွားတာက မြေပဒေသာကျွန်းဘက်က နေဖြစ်ဖို့များတယ်။ ပြန်ပေါ်တာ ဗိုလ်ချုပ်ပန်းခြံဘက်က။ အဖေဖြစ်သူလည်းရောက်လာတော့ ပြောပြတာက သူ့သမီး စိတ်ကျဝေဒနာလိုမျိုး ခံစားနေရတယ်လို့တော့ ပြောတယ်။ ဆေးရုံ ဆေးခန်းတွေမှာလည်း သူက အလုပ် သင်အနေနဲ့ လိုက်လုပ်နေပြီလို့တော့ ပြောပါတယ်” လို့ ရင်ဘတ်တူညီအကိုများ ပရဟိတအဖွဲ့ တာဝန်ရှိသူက MT News ကို ပြောပါတယ်။
အမျိုးသမီးငယ်က အတွင်းကနေ ရေကူးရာမှာဝတ်ဆင်တဲ့ ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ထမီ၊ မျက်မှန် လက်ကိုင်ဖုန်းနဲ့ ပိုက်ဆံအိတ်တွေကို သူခုန်ချတဲ့ နေရာမှာ ထားပစ်ခဲ့တာကို သက်ဆိုင်ရာက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ပြီး ဗဟန်းရဲစခန်းက ရဲလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။