၁၇. ၈.၂၀၂၄
Written by Hey Mar
မိုးရွာထားတဲ့လမ်းပေါ် မှာ လမ်းလယ်ကြောပေါ်တက်ပြီး ရှေ့ကားကို ကျော်တဲ့အငှားယာဉ်က တစ်ဖက်ယာဉ်ကြောပေါ်ရောက်ရှိကာ အုတ်သယ်ယာဉ်ကို တိုက်မိရာက လူငါးဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ သြဂုတ် ၁၇ ရက် မနက် ၈နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်ကို မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ပုလဲအရန်မီးတပ်ဖွဲ့ထံကနေသိရပါတယ်။
ဖြစ်စဉ်က မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီး၊ အိုးအိမ်မှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် အုတ်သယ်ယာဉ်တိမ်းမှောက်ကာ ယာဉ်ပေါ်ပါ အလုပ်သမားလေးဦးနဲ့ အငှားယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“အုတ်သယ်ယာဉ်ပေါ် က အလုပ်သမားတွေ ကျိုးပဲ့တာတော့ မဟုတ်ဘူး ပွန်းပဲ့ပေါက်ပြဲပေါ့။ မစိုးရိမ်ရဒဏ်ရာပါ။ အုတ်ခဲနဲ့ ပိမိခိုက်မိတာ၊ အငှားယာဉ်မောင်းလည်း ဒဏ်ရာများပေမယ့် မစိုးရိမ်ရလို့ သတ်မှတ်လို့ရပါတယ်။ မှောက်ရတဲ့အထိဖြစ်တာက လမ်းချော်နေတာကြောင့်ပါ ” လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို ပုလဲအရန်မီးသတ် သူနာတင်ယာဥ်နဲ့ မေဓာဝီဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပြီး လမ်းပေါ်က အုတ်တွေနဲ့ တိမ်းမှောက်နေတဲ့ ယာဉ်ကိုလည်း မန္တလာမင်းမိသားစုပိုင် ကရိန်းယာဉ်နဲ့ ပုလဲအရန်မီးသတ်တို့ ပူးပေါင်းကူညီရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။