၁၇.၈.၂၀၂၄
Written By Thandar
ပရိသတ်အကြိုက်တွေ့စေမယ့် ခပ်ကြမ်းကြမ်း အချစ်ဇာတ်လမ်းပုံစံ “မီး” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားတဲ့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေ အမှတ်တရတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မင်္ဂလာဝဇီရာ (လှိုင်သာယာ)၊ မင်္ဂလာ ဂမုန်းပွင့် (စံရိပ်ငြိမ်) J Cineplex Square အဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်က ဒီဇာတ်ကားမှာ ရှိုင်းဆိုတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ထားတာပါ။ ရိုးရိုးပုံမှန် လူငယ်တစ်ယောက်ပါ။ မထင်မှတ်ဘဲ အချစ်တစ်ခုကြောင့် ကျွန်တော့် ပုံမှန်နေထိုင်မှုကနေ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော့်ဘဝက တကယ့်ကို စုတ်ပြတ်သတ်သွားတဲ့သူပေါ့။ တအား စုတ်ပြတ်သတ်နေတဲ့သူကို ကောင်မလေးက ပံ့ပိုးပေးလာတော့ သနားချစ်နဲ့ချစ်မိသလိုဖြစ်သွားတယ်။ ကျွန်တော့်ရဲ့ ဆံပင်ရှည်ကို ပုံစံတွေမျိုးစုံချိန်းပြီး အကောင်းဆုံး ကြိုးစားထားပါတယ်။ ဦးပွားရဲ့ ညွှန်ကြားမှုနဲ့ ကိုယ့်ဒီဇိုင်းရယ် မျက်လုံးအကြည့်တွေကို ကြိုးစားပြီး ပုံစံခွဲထွက်နေအောင်လုပ်ထားပါတယ်။ ကောင်မလေး နှစ်ယောက်ကို ချစ်ပုံချစ်နည်းတွေကလည်း မတူအောင်လုပ်ထားပါတယ်။ အခုပရိသတ်တွေလည်း တွေ့ဆုံရပြီဆိုတော့ သဘောကျကြမှာပါ ”လို့ အကယ်ဒမီ နေဝင်းက ပြောပါတယ်။
အဆိုပါ ပရိသတ်တွေ အမှတ်တရတွေ့ဆုံပွဲမှာတော့ မီးရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားကြတဲ့ အနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ နေဝင်း၊ အေးချမ်းမောင်၊ ပိုးမမှီသာတို့က ပရိသတ်တွေနဲ့ တွေ့ဆုံပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးခဲ့သလို အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ကြပါတယ်။
“မီး”ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီးတော့ ဒါရိုက်တာ မီးပွားက သရုပ်ဆောင် အကယ်ဒမီ နေဝင်း၊ အေးချမ်းမောင်၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ ပိုးမမှီသာစတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးပါဝင် သရုပ်ဆောင်ထားကြပြီးတော့ ဩဂုတ် ၁၆ ရက်ကစတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေလျက်ရှိပါတယ်။