September 20, 2024

၁၇. ၈. ၂၀၂၄
Translated by Htwe Ko Tun

တူရကီနိုင်ငံတွင် လွှတ်တော်အမတ်များအကြား အပြင်းအထန်ငြင်းခုံမှုဖြစ်ကြရာမှ တစ်ဖက်နှင့်တစ်ဖက် ကိုယ်ထိလက်ရောက် တိုက်ခိုက်ကြသည့်ရန်ပွဲတစ်ရပ် ဩဂုတ်လ ၁၆ ရက်က ဖြစ်ပွားခဲ့ရကြောင်း သတင်းများကဖေါ်ပြခဲ့ကြသည်။နိုင်ငံရေးအရ သွေးထိုးလှုံ့ဆော်မှုစွဲချက်များဖြင့် လက်ရှိတွင်ထောင်ကျနေသော အတိုက်အခံကိုယ်စားလှယ်တစ်ဦးနှင့်ပတ်သက်၍ ငြင်းခုံကြရာမှ ရန်ပွဲဖြစ်ခဲ့ရခြင်းဟုလည်း သိရသည်။

ရုပ်မြင်သံကြားတွင်ပြသသော ဗီဒီယိုများအရ ထောင်ကျနေသော လွှတ်တော်အမတ် Can Atalay နှင့် တစ်ပါတီထဲဖြစ်သော အာမက်ဆစ်အမည်ရှိ အမတ်က သမ္မတ ရီဆက်တေရစ် အာဒိုဂန်၏ အာဏာရပါတီမှ လွှတ်တော်အမတ်တစ်ဦး၏အနီးသို့ လွှတ်တော်ခန်းမစင်မြင့်တွင် စကားပြောနေစဉ် ချဉ်းကပ်လာကာ ရန်ပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။ အာမက်ဆစ်က အာဏာရပါတီ အဖွဲ့ဝင်များကိုလည်း အကြမ်းဖက်အဖွဲ့ဝင်များဟု အမည်တပ်ပြောကြားခဲ့သည်။

ဆက်လက်၍လုံးထွေးသတ်ပုတ်ကြရာတွင်မူ အခြားသောလွှတ်တော်အမတ်အများအပြားပါ ပါဝင်လာကြသည်ကိုတွေ့ရသည်။ အမျိုးသမီးအမတ်တစ်ဦးဆိုလျှင်လည်း ရိုက်နှက်ခံရကာ လွှတ်တော်ဥက္ကဋ္ဌ၏ ဟောပြောခုံသို သွားရာလှေကားထစ်များတွင် သွေးစက်များကျ၍ စွန်းထင်းနေသည်ကိုတွေ့ကြရသည်။ အခြားသောအတိုက်အခံအမတ်တစ်ဦးမှာလည်း ရန်ပွဲတွင် ဒဏ်ရာများရရှိနေသည်ကို တွေ့ကြရသည်။

ဤကဲ့သို့သော ရန်ပွဲများမှာ တူရကီလွှတ်တော်အမတ်များအတွင်း ယခင်က ဖြစ်လေ့ဖြစ်ထမရှိသည့် ထူးခြားသောဖြစ်ရပ်များတော့မဟုတ်ဟုလည်း ဆိုကြသည်။ အကြီးမားဆုံးအတိုက်အခံပါတီခေါင်းဆောင်ဖြစ်သူ Ozgur Ozel က “ဒီဖြစ်ရပ်က ပြောရရင် အလွန်ရှက်စရာကောင်းတဲ့ဖြစ်ရပ်ပါ။ ပါးစပ်နဲ့ငြင်းခုံ ပြောကြားမယ့်အစား လက်သီးတွေနဲ့ တိုက်ခိုက်ကြတော့ သွေးတွေမြေကျကြတာပေါ့၊ အမျိုးသမီးတွေပါမကျန် တိုက်ခိုက်ကြတာပဲ” ဟု ပြောခဲ့သည်။

တူရကီနိုင်ငံလွှတ်တော်၏ အထူးအစည်းအဝေးကို ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ၌ တူရကီနိုင်ငံ Workers’ Party ၏ လွှတ်တော်အမတ်အဖြစ် Can Atalay က ထောင်တွင်းမှပင် ရွေးကောက်ခံခဲ့ရမှုကို ဆွေးနွေးရန်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ၎င်းက သမ္မတ အာဒိုဂန်၏အုပ်ချုပ်မှုကို စိန်ခေါ်သည့် အစိုးရဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ၂၀၁၃ ခုနှစ်အတွင်းက ပါဝင်ခဲ့၍ဟုဆိုကာ နိုင်ငံရေးအရ သွေးထိုးလှုံ့ဆော်မှုစွဲချက်များဖြင့် ၂၀၂၃ ခုနှစ်တွင် ထောင်ဒဏ် ၁၈ နှစ် ကျခံခဲ့ရသည်။ ၎င်းအားလွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီးသည်မှစ၍ ၎င်းအား တရားစွဲအပြစ်ပေးခြင်းမှကင်းလွတ်ခွင့်နှင့်အတူ လွှတ်တော်အမတ်အဖြစ် ဆက်လက်ပါဝင်ခွင့်ရရန်အတွက် Can Atalay က ကြိုးစားနေခဲ့သည်။ ၎င်းက အမတ်သက်တမ်းကုန်ဆုံးချိန်တွင် ၎င်းအနေဖြင့် ပြန်လည်၍ ထောင်ဒဏ်ကျခံမည်ဟုလည်း ဆိုခဲ့သည်။

၎င်း၏တောင်းဆိုမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆုံးဖြတ်ချက်များက သဘောတူခဲ့သော်လည်း အောက်တရားရုံးများက အလေးတယူမပြုဘဲနေခဲ့ကြရာ ၎င်းအားထောက်ခံသူများက မျှတမှုမရှိသော တရားဥပဒေအဖြစ်ဆိုခဲ့ကြသည်။ ထို့နောက် အတိုက်အခံပါတီများက ထိုကိစ္စဆွေးနွေးရန်အတွက် လွှတ်တော်အထူးအစည်းအဝေးခေါ်ယူရန်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

Ref- MSN

Leave a Reply

Your email address will not be published. Required fields are marked *