September 20, 2024

၁၇.၈.၂၀၂၄
Written By Thandar

ပရိသတ် ချစ်ခင်မှုရရှိထားတဲ့ သရုပ်ဆောင် သံစဉ်မောင်ကတော့ မိန်းကလေးတစ်ယောက်ရဲ့ အလှအပနဲ့ ပတ်သက်ပြီး နှာခေါင်းကိုဝေဖန်ခံရလို့ Psychoဖြစ်နေတယ်လို့ ရင်ဖွင့်လာပါတယ်။

“ကိုသားဂန်းရဲ့ သီချင်းလေးမှာ သံစဉ်မောင်@မောင် ပါဝင်သရုပ်ဆောင်ထားတဲ့ သီချင်းလေး လက်ရှိထွက်ထားပါတယ်။ ဒီသီချင်းကို မောင်နဲ့ကိုအောင်ရေချမ်း ရိုက်ထားတဲ့ သီချင်းလေးမှာ မောင့်ကို နှာခေါင်းနဲ့ပတ်သက်ပြီး ဝေဖန်ခံခဲ့ရတယ်။ မင်းသမီးလဲပေးပါအထိလေ။ ရင်ထဲတော်တော်မကောင်းဖြစ်ခဲ့ရတယ်။ မောင့်က မွေးရာပါ နှာခေါင်းမလှဘူး။ နှာခေါင်းကြီးနေတယ် ပြင်လိုက်ပါလား ဆိုပြီး ပြောကြတယ်။ မောင့်က ကိုယ်ရဲ့ နှာခေါင်းနဲ့ပတ်သက်ရင် Psycho လေ။ မွေးရာပါကိုက နှာခေါင်းကမလှတာ။ နှာခေါင်းကို ပြင်ထားတာ ၃၊ ၄ ခေါက်ရှိနေပြီ။ ထပ်ပြင်လို့လည်း မရတော့ဘူး။ မြှင့်လိုက်တော့ နှာခေါင်းက ပိုကြီးသလိုဖြစ်သွားတာပါ။ နှာခေါင်းပြင်ဖို့ ပြောကြတဲ့ ပရိသတ်တွေကိုလည်း ပြောပြချင်ပါတယ်” လို့ သရုပ်ဆောင် သံစဉ်မောင်က ပြောပါတယ်။

သူမကတော့ ခဲအိုဖြစ်သူ အဆိုတော်သားဂန်းရဲ့ ‘ညှို့မျက်ဝန်း’ သီချင်းကို မင်းသား အောင်ရေချမ်းနဲ့အတူ သရုပ်ဆောင်ထားကြတာလည်းဖြစ်ပါတယ်။ သံစဥ်မောင်က နှာခေါင်းအလှအပအတွက် ထိုင်းနိုင်ငံမှာ သွားရောက်ပြုပြင်ထားသလို ကိုရီးယားက ဆရာဝန်နဲ့ မြန်မာပြည်မှာ နှာခေါင်းကို သေချာပြုပြင်ထားတယ်လို့ သိရပါ တယ်။

“ငယ်ငယ်ကတည်းက ကျောင်းမှာတုန်းကဆို နှာခေါင်းကြောင့် အရမ်း စ,ကြတယ်။ ဒါက ကိုယ့်အားနည်းချက်လို့ သတ်မှတ်ထားလို့ အဲ့လိုစ,ရင် အရမ်းစိတ်ထိခိုက်ရတယ်။ မလှတာနဲ့ပတ်သတ်ပြီး တချို့နာမ်စားတွေလည်း သုံးကြတယ်။ မွေးကတည်း ခန္ဓာကိုယ့်က အစိတ်အပိုင်းတွေပတ်သက်ပြီး အဲလောက်ထိ အားငယ် သိမ်ငယ်တာမရှိဘူး။ ကိုယ့် အားနည်းချက်ပေါ့။ တချို့က ကောင်းစေချင်လို့ ပြောတာထက် တချို့ပြောဆိုတာတွေ စိတ်ထိခိုက်ရတာတွေ ဒါကမောင့်ရဲ့ အားနည်းချက်ဖြစ်နေတာကို ဝမ်းနည်းရတယ်”လို့ သူမကဆက်ပြောပါတယ်။

သံစဥ်မောင်ကတော့ ဒါရိုက်တာ သိုးဆောင်းရိုက်ကူးမယ့် ပဝါပါးပါး သနပ်ခါး ဇာတ်လမ်းတွဲ သရုပ်ဆောင် ထူးအောင်၊ မေဂရေ့စ်၊ အကယ်ဒမီ မြင့်မြင့်ခိုင်စတဲ့သူတွေနဲ့အတူ ရိုက်ကူးသွားမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *