၁၇. ၈. ၂၀၂၄
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ ဆေးပညာရှင်များအသင်း(IMA) ကခေါင်းဆောင်ပြီး နိုင်ငံအနှံ့ရှိ ဆရာဝန်တွေအနေနဲ့ မည်သည့်အလုပ်တာဝန်၊ မည်သည့်နေရာ၌မဆို သူတို့ရဲ့ကျန်းမာရေးဆိုင်ရာလုပ်ငန်းတာဝန်တွေမှ ၂၄ နာရီကြာ စွန့်လွှတ်ပြီး ဆန္ဒပြသပိတ်မှောက်မှုကို ဩဂုတ်လ ၁၇ ရက်မှာ စတင်ခဲ့ကြတယ်လို့ သိရပါတယ်။ ၂၄ နာရီကြာ ဆန္ဒပြမှုက ဩဂုတ်လ ၁၇ ရက် နံနက် ၆ နာရီမှာစတင်ပြီးဩဂုတ်လ ၁၈ ရက် နံနက် ၆ နာရီ အထိ ကြာမှာဖြစ်လို့ ထိုအချိန်အတွင်း ပြင်ပလူနာဌာနတွေနဲ့ ခွဲစိတ်ကုသမှုဌာနတွေမှာတော့ သက်ရောက်မှု ရှိလာမှာဖြစ်ပါတယ်။
ကိုလ်ကတ္တားမြို့ရှိ R.G. Kar Hospital ဆေးရုံမှာ အမျိုးသမီး အလုပ်သင်ဆရာဝန်တစ်ဦး ဩဂုတ်လ ၉ ရက်က မတရားပြုကျင့်ခံရကာ သတ်ဖြတ်ခံခဲ့ရပြီးတဲ့နောက် နိုင်ငံအနှံ့ ရှိဆရာဝန်တွေက အဆိုပါ လူသတ်မှုအတွက် ဆန္ဒပြမှုတွေပြုလုပ်ကာ နိုင်ငံအတွင်း အမျိုးသမီးဆရာဝန်တွေကို အကြမ်းဖက် စော်ကားမှုတွေက ကာကွယ်ပေးဖို့ အစိုးရကို ဆန္ဒပြတောင်းဆိုနေကြတာပါ။
ဒီကာလအတွင်း ကိုလ်ကတ္တားမြို့တည်ရှိရာ အနောက်ဘင်္ဂလားပြည်နယ်မှာလည်း ပြည်နယ်ရဲ့ Trinamool Congress ပါတီအစိုးရနဲ့ ပြည်နယ်ဝန်ကြီးချုပ် မစ္စစ်မာမာတာ ဘနာဂျီတို့ကို ပြည်နယ်အနှံ့ ဘီဂျေပီပါတီရဲ့ စုစည်းမှုနဲ့အတူ အတိုက်အခံပါတီတွေကလည်း ဆန္ဒပြမှုတွေ အရှိန်မြှင့် ပြုလုပ်လာနေကြပါတယ်။ ဩဂုတ်လ ၁၆ ရက်က ကိုလ်ကတ္တားမြို့မှာ ပြုလုပ်ခဲ့ကြတဲ့ ဆန္ဒပြမှုတစ်ရပ်မှာလည်း ပြည်နယ်ဝန်ကြီးချုပ် ဘနာဂျီထံ ထိုအကြမ်းဖက်လူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးထားသူကို သေဒဏ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မတရားပြုကျင့်အသတ်ခံခဲ့ရတဲ့ အမျိုးသမီးအလုပ်သင်ဆရာဝန်ရဲ့မိဘတွေက အိန္ဒိယနိုင်ငံရဲ့ ဗဟိုစုံစမ်း ထောက်လှမ်းရေးဗျူရိုကို ဒီရာဇဝတ်မှုမှာ တူညီတဲ့ ဆေးဘက်ဆိုင်ရာ လုပ်ငန်းခွင်က အလုပ်သင်ဆရာဝန်နဲ့ ဆရာဝန်တချို့ ပါဝင်ပတ်သက်နေတယ်လို့ ဆိုခဲ့ကြပါတယ်။
Ref- The Hindu