September 20, 2024

၁၇.၈.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးရှိ သိုက်ချောင်းကျေးရွာတွင် အရက်လာသောက်သည့် ဧည့်သည် အမျိုးသားတစ်ဦးက အတူအရက်သောက်နေသည့် အိမ်ရှင်အမျိုးသားကို အရက်သွားဝယ်ခိုင်းရာ အရက်ရမလာသောကြောင့် အိမ်ရှင်အမျိုးသားကို ဝယ်ခိုင်းသူအမျိုးသားက တံစဥ်ဖြင့်နားရွက်အား လှီးဖြတ်လိုက်မှု ယနေ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ သြဂုတ်လ ၁၇ ရက် နံနက် ၁၁ နာရီခွဲအချိန် သိုက်ချောင်းကျေးရွာတွင် နေထိုင်ကြသည့် အမျိုးသားနှစ်ဦးမှာ အရက်အတူတူသောက်ရင်း အရက်ကုန်သွားသောကြောင့် လာရောက်သောက်သည့် အမျိုးသားက အိမ်ရှင်ဖြစ်သူအမျိုးသားကို အရက်သွားဝယ်ခိုင်းရာ အရက်ပါမလာသောကြောင့် အိမ်ရှင်ဖြစ်သူအမျိုးသား၏ နားရွက်ကို ဧည့်သည်က တံစဥ်ဖြင့် လှီးဖြတ်လိုက်ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသည့် အမျိုးသားကို ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ သွားရောက်ကူညီပေးနေ၍ MT News က ဆက်သွယ်မေးမြန်းရာ “သူငယ်ချင်းနှစ်ယောက် အရက်တူတူသောက်တာ။ အိမ်ရှင်ဖြစ်တဲ့အမျိုးသားကို လာသောက်တဲ့အမျိုးသားက အရက်သွားဝယ်ခိုင်းတာ။ အရက်မပါလာလို့ ရန်ဖြစ်စကားများပြီးအိမ်ရှင်ဖြစ်တဲ့ အမျိုးသားနားရွက်ကို တံစဥ်နဲ့ဖြတ်လိုက်တာ။ နားရွက်အလယ် ပြတ်သွားတယ်”ဟု ပြောသည်။

တံစဥ်ဖြင့် နားရွက်အဖြတ်ခံရသည့် အမျိုးသားမှာ အသက် (၄၀) ကျော်ရှိပြီး ထိုအမျိုးသားကို ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူဆေးရုံ ကုတင် (၃၀၀) ဆံ့ ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo – Khant Phyo Hein

Leave a Reply

Your email address will not be published. Required fields are marked *