September 20, 2024

၁၇. ၈. ၂၀၂၄
Written by Nyein Kyaw

ယခုရက်ပိုင်းတွင် စက်သုံးဆီတန်းစီဝယ်ယူခဲ့ရသည့်အတွက် ဗဟိုဘဏ်မှ ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသော်လည်း စက်သုံးဆီဈေးနှုန်း တစ်လီတာ ကျပ် ၁၅၀ ဝန်းကျင်မြင့်တက်ခဲ့ကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းစာရင်းများအရ သိရသည်။

စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့သဖြင့် ဩဂုတ်လ ၁၀ ရက်မှစတင်ကာ စက်သုံးဆီတန်းစီဝယ်ယူရမှုများဖြစ်ပေါ်ခဲ့သည့်အပြင် ယခင်က ဆီပြတ်လပ်ချိန် တန်းစီရမှုအနည်းငယ်သာရှိသော ဆီဆိုင်ငယ်များ၌ပါ ယာဉ်တန်းအရှည်များဖြင့် တန်းစီဝယ်ယူခဲ့ရခြင်းဖြစ်သည်။

ထိုကြောင့် စက်သုံးဆီလုပ်ငန်းရှင်များ အဆင်ပြေစေရန်အတွက် ဗဟိုဘဏ်မှ ဒေါ်လာသန်း ၁၀၀ အထိ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၄ ရက်တွင် အသိပေးကြေညာပေးခဲ့သည့် နောက်ပိုင်းတွင်လည်း စက်သုံးဆီတန်းစီဝယ်ယူရမှု လျော့ကျမသွားသည့်အပြင် ဈေးနှုန်းများပါ ထပ်မံမြင့်တက်လာမှုကို တွေ့ရှိရသည်။

“ဈေးက မနေ့က စတက်တာ 92 က ၂၇၀၀ ကျော်ကနေ မနေ့က ၂၉၀၀ အထိမြင့်တက်သွားတယ်။ ဒီနေ့မနက်ဆို ဆီဆိုင်တော်တော်များများ ဆီမရှိဘူး။ MAX မှာပဲ ဆီရှိတယ်။ ဒီနေ့ကို ပြောတာ။ ဆီကားတွေ လာတာတော့တွေ့တယ်။ ညနေလောက်မှ ရမယ်နဲ့တူတယ်” ဟု တာမွေမြို့နယ်မှ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ဗဟိုဘဏ်မှ ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးမည်ဟု ကြေညာခဲ့သည့် ဩဂုတ်လ ၁၄ ရက်တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂၇၅၀၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၂၉၉၀၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၂၄၅၀၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၉၄၅ ကျပ်သာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လ ၁၆ ရက်(ယမန်နေ့)တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂၉၀၀၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၀၄၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၂၅၆၀၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၁၁၅ ကျပ်သို့ မြင့်တက်ခဲ့သောကြောင့် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၁၅၀၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၁၅၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၁၁၀၊ ပရီမီယံဒီဇယ်တစ်လီတာ ၁၇၀ ကျပ်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်ခဲ့ပြီး ယနေ့တွင်လည်း အဆိုပါစျေးအတိုင်း ဆက်လက်ဖြစ်ပေါ်နေသည်။

လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီတန်းစီဝယ်ယူနေရမှုများကို အဆင်ပြေစေရန် ဗဟိုဘဏ်မှလည်း ဒေါ်လာများ ထုတ်ရောင်းပေးနေသလို စက်သုံးဆီအရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် မရောင်းချခြင်းမျိုး မပြုလုပ်စေရေး ကြပ်မတ်ဆောင်ရွက်နေကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့က ဩဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *