September 20, 2024

၁၇.၈.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၇၂/၇၃ ကြား၊ တိရစ္ဆာန်ဥယျာဥ်ရှေ့တွင် ရေသန့်ပို့သည့် ယာဥ်တစ်စီးအရှိန်လွန်၍ လမ်းလယ်ကျွန်းပေါ်ရောက်ပြီး သစ်ပင်အားဝင်တိုက်မိရာက ယာဥ်မောင်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ သြဂုတ် ၁၇ ရက် နံနက် ၈ နာရီ မိနစ် ၄၀ အချိန်တွင် ရေသန့်လိုက်ပို့သည့်ယာဥ်မှာ မော်တော်ဆိုင်ကယ်တစ်စီးကိုရှောင်ရာမှ အရှိန်လွန်၍ လမ်းလယ်ကျွန်းသို့ရောက်ရှိပြီး သစ်ပင်အားဝင်တိုက်မှုဖြစ်ပွား၍ ဒဏ်ရာရရှိသူယာဥ်မောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နေရာသို့ သွားရောက်ကူညီပေးသည့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က “ဆိုင်ကယ်ကိုရှောင်ရင်းဖြစ်သွားတာ။ ယာဥ်ခေါင်းထဲမှာ ယာဥ်မောင်းတစ်ယောက်တည်း။ ယာဥ်နောက်မှာတော့ အမျိုးသား ၃ ဦးပါတယ်။ သူတို့တော့ ဘာမှမဖြစ်ဘူး။ ယာဥ်မောင်းကတော့ ဒူးကွဲသွားတယ်။ ယာဥ်ကတော့ပျက်စီးသွားတယ်” ဟု ပြောသည်။

ယာဥ်တိုက်မှုကြောင့် လမ်းလယ်ကျွန်းပေါ်တွင် စိုက်ပျိုးထားသည့် သစ်ပင်မှာလဲသွားပြီး ရေသန့်ပို့သည့်ယာဥ်လည်း ပျက်စီးသွားကြောင်း သိရသည်။

Photo – Thein Tun Aung

Leave a Reply

Your email address will not be published. Required fields are marked *