MT News
၁၇. ၈. ၂၀၂၄
ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ပထမဦးစားပေး လျှောက်ထားသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို နေရာ ၈ ခုသို့ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ် တစ်ခုခုသို့ ပထမဦးစားပေးလျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ် ဝင်ခွင့်စိစစ် ရွေးချယ်ရေးအဖွဲ့(အဆင့်မြင့်ပညာဦးစီးဌာန)မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ စာအိတ်ဖြင့် လျှောက်ထားရမည် ဖြစ်သည်။
ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်သို့ ပထမဦးစားပေးလျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာတင်သွင်း ရန် သတ်မှတ်ထားသော တက္ကသိုလ်(၂၃)ခုသို့ ပေးပို့လျှောက်ထားရမည် ဖြစ်သည်။
ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ပထမဦးစားပေး လျှောက်ထားသူများအတွက်မူ တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာစာအိတ်ကို (က) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (နေပြည်တော်)၊ (ခ ) ဆေးတက္ကသိုလ်(၁) ရန်ကုန် ၊ (ဂ ) ဆေးတက္ကသိုလ်(၂) ရန်ကုန် ၊ (ဃ) ဆေးတက္ကသိုလ်၊ မန္တလေး၊ (င ) ဆေးတက္ကသိုလ်၊ မကွေး၊ (စ ) ဆေးတက္ကသိုလ်၊ တောင်ကြီး၊ (ဆ) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) နှင့် (ဇ) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) တို့ တစ်ခုခုကို တိုက်ရိုက်လျှောက်ထားရမည်ဖြစ်သည်။
ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ဝင်ခွင့်ရွေးချယ်ရေးကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ရွေးချယ်မည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ကို သေချာစွာဖတ်ရှုပြီးမှသာ ဝင်ခွင့်လျှောက်ထားရန်လိုအပ်ကြောင်းနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁၂ ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) လက်ခံမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။