၁၆.၈. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ မော်တော်ယာဉ်အစီးရေ စုစုပေါင်း ၁၀၆၈ စီးထုတ်လုပ်နိုင်ခဲ့ပြီး၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ ထုတ်လုပ်နိုင်ခဲ့သော မော်တော်ယာဉ်အစီးရေ အရေအတွက်နှင့်နှိုင်းယှဉ်လျှင် များစွာမြင့်တက်လာခဲ့ကြောင်း အာဆီယံမော်တော်ယာဉ် ထုတ်လုပ်ရောင်းချရေးအဖွဲ့(AAF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ မော်တော်ယာဉ်အစီးရေ ၂၂၉ စီးသာ ထုတ်လုပ်နိုင်ခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ မော်တော်ယာဉ်အစီးရေ ၁၀၆၈ စီးထုတ်လုပ်နိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ၁၆၁ စီး၊ ဖေဖော်ဝါရီလအတွင်း ၁၅၃ စီး၊ မတ်လအတွင်း ၁၅၅ စီး၊ဧပြီလအတွင်း ၁၆၁ စီး၊ မေလအတွင်း ၂၁၃ စီး၊ ဇွန်လအတွင်း ၂၂၅ စီးထုတ်လုပ်နိုင်ခဲ့ရာ ဧပြီလနောက်ပိုင်း မော်တော်ယာဉ် အစီးရေထုတ်လုပ်မှုအရေအတွက် မြင့်တက်လာခဲ့ကြောင်း AAF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ မော်တော်ယာဉ်အစီးရေ စုစုပေါင်း ၁၉၈၅ စီး ရောင်းချနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ မော်တော်ယာဉ်အစီးရေ စုစုပေါင်း ၁၃၈၀ စီးသာ ရောင်းချနိုင်ခဲ့၍ ယခုနှစ်တွင် မော်တော်ယာဉ်အစီးရေ ၂၀၀၀ နီးပါးရောင်းချနိုင်ခဲ့ကာ ၆၀၅ စီး ပိုမိုရောင်းချနိုင်ခဲ့ကြောင်း AAF က ပြောသည်။
မြန်မာနိုင်ငံတွင် မော်တော်ယာဥ် ရောင်းချမှုအဖြစ်၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း၂၈၆ စီး၊ ဖေဖော်ဝါရီလအတွင်း ၂၇၈ စီး၊ မတ်လအတွင်း ၃၃၈ စီး၊ ဧပြီလအတွင်း ၃၁၈ စီး၊ မေလအတွင်း ၃၈၁ စီးနှင့် ဇွန်လအတွင်း ၃၈၄ စီးရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
REF AAF