September 20, 2024

၁၆. ၈. ၂၀၂၄
Written by Nay Moe

မောင်တောမြို့ပေါ်က ဘင်္ဂါလီနေအိမ်တွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဝင်တွေက ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေ ခိုးဝှက်ကြတဲ့အပြင် ကားနဲ့ ဆိုင်ကယ် အစီးရေထောင်ချီပါ လုယက်သွားတယ်လို့ Free Rohingya Coalition ဦးဆောင်သူ ရိုနေဆန်းလွင်က ပြောပါတယ်။

AA ဟာ ဩဂုတ် ၁၅ ရက်နေ့မှာ မောင်တောမြို့ပေါ်ကျန်ရှိနေတဲ့ ဘင်္ဂါလီတွေကို လှဖိုးခေါင်စခန်းနဲ့ ဇင်တူလီရွာဘက်ကို ပြောင်းရွှေ့ဖို့ ခေါ်ဆောင်သွားပြီး မောင်တောမြို့ပေါ်နဲ့ မြို့မကညင်တန်းအပါအဝင် ဘင်္ဂါလီရပ်ကွက်တွေကိုလည်း AA က ခြေကုပ်ယူထားတယ်လို့ ရိုနေဆန်းလွင်က ဆိုပါတယ်။

“မြို့ပေါ်က ဘင်္ဂါလီတွေ ထွက်သွားရပြီးနောက် စစ်ရှောင်နေခဲ့တဲ့ ရခိုင်လူမျိုးတွေ တော်တော်များများ ပြန်ဝင်လာတယ်။ ဟိန္ဒူတွေကိုလည်း သူတို့ရွာတွေက နေအိမ်တွေမှာ ပြန်နေဖို့ AA က ခွင့်ပြုလိုက်တယ်။မောင်တောမြို့ပေါ်မှာရှိတဲ့ ဘင်္ဂါလီပိုင်တဲ့ ဆိုင်တွေကို AA က ဖောက်ထွင်းပြီး တန်ဖိုးရှိ ပစ္စည်းအားလုံးကို တီဗာကားတွေနဲ့ သယ်သွားတယ်။ ဘင်္ဂါလီတွေရဲ့ နေအိမ်တွေမှာ ကျန်ခဲ့တဲ့ ဆိုင်ကယ်နဲ့ ကားတွေကိုလည်း AA က ယူသွားတယ်။ ဆိုင်ကယ် ၅၀၀၀ ကျော်လောက်ကို တီဗာကားတွေနဲ့ သယ်သွားတာပါ။ မောင်တောမြို့ပေါ်က နာမည်ကြီး ဟီတာချီ လျှပ်စစ်ပစ္စည်းဆိုင်ကိုလည်း AA တပ်ဖွဲ့ဝင်တွေက ဒီနေ့မနက် ၉ နာရီခွဲမှာ ဖောက်ထွင်းပြီး အကုန်ယူသွားတယ်။ SAC တပ်ဖွဲ့ဝင်တွေ မြို့ပေါ်ကနေ မနေ့ညကတည်းက ထွက်သွားတယ်။ အကုန် နခခ (၅) တပ်ရင်းထဲ ပြန်ဝင်သွားတယ်။ ဒီနေ့ ရဟတ်ယာဥ်နဲ့ စစ်သားတွေ ထပ်ဖြည့်တယ်လို့ သတင်းရတယ်။ မြို့ပေါ်ကို AA က ဒီနေ့မနက်ကစပြီး ထိန်းချုပ်ပြီးတဲ့နောက် လုယက်ဖောက်ထွင်းတာတွေ လုပ်ပြီး၊ ည ၇ နာရီခွဲမှာ မြို့ပေါ်က အိမ်တွေကို မီးရှို့လိုက်တယ်”လို့ ရိုနေဆန်းလွင်က ဩဂုတ် ၁၅ ရက်မှာဖြစ်ပွားခဲ့တဲ့ AA အဖွဲ့က ဘင်္ဂါလီနေအိမ်တွေ လိုက်လံ ဖောက်ထွင်းလုယက်မှုအပေါ် ရေးသားထားပါတယ်။

ရခိုင်လက်နက်ကိုင် AA ဟာ ရခိုင်မြို့တွေကို ဖျက်ဆီးသိမ်းပိုက်ရာမှာ ဘင်္ဂါလီအများစုနေထိုင်ရာ ဘူးသီးတောင်မြို့ကို မီးရှို့ဖျက်ဆီးပြီး လူ ၂ သိန်းလောက် အိုးအိမ်မဲ့စေခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်ကလည်း မောင်တောမြို့က ဘင်္ဂါလီ ၂၀၀ ကျော်ကို သတ်ဖြတ်မုဒိမ်းကျင့်မှုနဲ့ ဘင်္ဂါလီအရေးလှုပ်ရှားသူတွေက AA ကို ပိတ်ဆို့မှုလုပ်ဖို့၊ ကမ္ဘာကအရေးယူပေးဖို့ တောင်းဆိုမှုလည်း ခံနေရပါတယ်။ ဒါ့အပြင် AA ဟာ မောင်တောသိမ်းဖို့ လှုပ်ရှားတဲ့ ဒီသီတင်းပတ်အနည်းငယ်အတွင်းမှာ ကလေးတွေနဲ့ အမျိုးသမီးအပါအဝင် ဘင်္ဂါလီ ၄၀၀ လောက်ကို မုဒိမ်းကျင့်သတ်ဖြတ်ထားတယ်လို့လည်း ရိုနေဆန်းလွင်က မျှဝေထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *