◾️ နျူကလီးယားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကောင်းကျိုးနှင့် ထိခိုက်မှုများကို အဓိကမေးမြန်း
၁၆. ၈. ၂၀၂၄
Written by Nyein Kyaw
နျူကလီးယားစွမ်းအင်နှင့် ပတ်သက်ပြီး ပြည်သူလူထု အမေးအများဆုံး မေးခွန်းများကို ပြန်လည်ဖြေကြားခြင်းနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာပေးအခမ်းအနားကို ရန်ကုန်မြို့ရှိ နျူကလီးယာနည်းပညာ သတင်းအချက်အလက်စင်တာတွင် ယနေ့ ကျင်းပခဲ့သည်။
“Science Festival Yangon 2024 လုပ်တယ်။ အဲဒါရဲ့ Event တစ်ခုပေါ့။ အင်တာနက်မှာ အမေးများတဲ့ မေးခွန်းတွေကို Video ရိုက်ပြီး Presentation လုပ်ပေးတာ။ အခုက News Video Presentation အစီအစဉ်ပါ” ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်းဦးက ပြောသည်။
အဆိုပါ အစီအစဉ်တွင် ပြည်သူလူထု အမေးများသည့်မေးခွန်း ၁၀ ခုကို ကောက်နုတ်ကာ အမေးအဖြေ ကဏ္ဍတစ်ခုဖြင့် စီစဉ်ရိုက်ကူးထားသည့် ရုပ်သံဗီဒီယိုကို ဖွင့်လှစ်ပြသခဲ့ပြီး တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။
နျူကလီးယာစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှုအတွက် ဆောင်ရွက်ရာတွင် လျှပ်စစ်ထုတ်လုပ်ရေး၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍတို့တွင် အသုံးပြုလျက်ရှိရာ အမေးအဖြေကဏ္ဍနှင့် တက်ရောက်လာသူများ၏ မေးမြန်းမှုအများဆုံးမှာ လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍကိုသာ မေးမြန်းစုံးစမ်းမှု ပိုများခဲ့သည်။
နျူကလီးယားနှင့် ကျောက်မီးသွေး ဓာတ်အားထုတ်ပေးစက်ရုံတို့သည် လောင်စာကို အသုံးပြုကာ အပူစွမ်းအင်ဖြင့် ရေကိုအပူပေးပြီး ရေနွေးငွေ့အပူဖိအားဖြင့် လျှပ်စစ်တာဘိုင်ကိုလည်စေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် နည်းပညာခြင်းတူညီခြင်းဖြစ်သည်။
အဆိုပါ နည်းပညာနှစ်ခုအနက် ကျောက်မီးသွေးဓာတ်အား ထုတ်လုပ်မှုသည် တည်ဆောက်ချိန်နှင့် ရင်းနှီးမြှုပ်နှံမှု သက်သာသော်လည်း လောင်စာအဆက်မပြတ် ဖြည့်တင်းရမှုကြောင့် နောက်ဆက်တွဲ ကုန်ကျစရိတ် ပိုမိုများပြားပြီး နျူကလီးယားဓာတ်အားထုတ်လုပ်ရေးသည် တည်ဆောက်ချိန်ကြာမြင့်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများပြားသော်လည်း လောင်စာဖြည့်တင်းရမှုကြောင့် နောက်ဆက်တွဲ ကုန်ကျစရိတ်မရှိမှု သက်သာခြင်း ကွာခြားသည်။
သို့သော် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်မည်ဆိုပါက တည်ဆောက်မည့် နေရာအတွက် ပြီးခဲ့သည့် နှစ်ပေါင်း ၆၀ အတွင်း ဖြစ်ပေါ်ခဲ့သည့် မိုးလေဝသအခြေအနေ (ဥပမာ မိုးရေချိန်မည်မျှအထိ မြင့်တက်မှု၊ ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်မှု)၊ ငလျင်လှုပ်ခတ်မှုအခြေအနေ၊ ဘူမိဗေဒဆိုင်ရာအချက်အလက်များကို သေချာစွာစုစည်းပြီးမှသာ ရွေးချယ်တည်ဆောက်ရခြင်းဖြစ်သည်။
“စက်ရုံတည်ဆောက်မှု ဖြစ်နိုင်ခြေရှိမရှိ လေ့လာသုံးသပ်မှု၊ သဘာဝပတ်ဝန်းကျင်ပိုင်းဆိုင်ရာ စသဖြင့် ဒါကြီးက နှစ်ပေါင်းများစွာလည်ပတ်ရမှာ၊ တည်ရှိနေမှာဖြစ်တဲ့အတွက် ဒါတွေအကုန်လုံးကို အဘက်ဘက်က လေ့လာသုံးသပ်ပြီး ဖြစ်နိုင်ခြေရှိတယ်ဆိုမှသာ ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်းဆိုတဲ့ အခန်းကဏ္ဍက ရောက်လာတာပါ” ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်းကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားသည်။
လက်ရှိအချိန်တွင် နျူကလီးယားစွမ်းအင်ကို ကောင်းစွာအသုံးပြုနေသော နိုင်ငံများတွင် 3+ Generation နည်းပညာများကို အသုံးပြုနေပြီဖြစ်ပြီး အဆိုပါနည်းပညာအရ နျူကလီးယားလောင်စာတစ်ခုသည် အနည်းဆုံး နှစ်ပေါင်း ၆၀ ကြာအသုံးပြုနိုင်ကာ လက်ရှိအချိန်တွင် Non Stop Energy (စွမ်းအင်ထပ်မံဖြည့်တင်းစရာမလိုသည့်) 4 Generation နည်းပညာသို့ ကူးပြောင်းနေပြီဖြစ်ကြောင်း ရုရှားနိုင်ငံ ဆိုချီမြို့တွင် ပြုလုပ်သည့် ATOMEXPO Xlll မှ သိရသည်။
ရန်ကုန်မြို့ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို သိပ္ပံနှင့်နည်းပညာဝန်းကြီးဌာနနှင့် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) တို့အကြား နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သော သဘောထားအမြင်များ ရရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအရ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။