၁၆.၈. ၂၀၂၄
Written by Shwe Phyo
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့တွင် အဓိကအရေးပါသော အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား အပြန်အလှန်ထိတွေ့ဆက်ဆံမှုများ ပိုမိုကောင်းမွန်စေရန် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ် ၁၅ရက်နေ့က တွေ့ဆုံဆွေးနွေးချိန် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။
ဝမ်ယိသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၄ ရက်နေ့တွင် လာရောက်ခဲ့ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံအနေဖြင့် အာဆီယံဒေသအတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် စုစည်းညီညွတ်မှုများဖြစ်လာစေရန် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ ပြန်လည်စတင်နိုင်ရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြန်လည်ရရှိစေရန်၊ ပြည်တွင်းနိုင်ငံရေးအခြေအနေတည်ငြိမ်စေရန် မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီးကို ထပ်မံပြောဆိုခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အာဆီယံသဘောတူညီချက်ငါးချက်အပြင် မြန်မာအစိုးရက စီစဉ်ရေးဆွဲထားသည့် အချက်ငါးချက်ပါသော လမ်းပြမြေပုံကိုလည်း အားပေးထောက်ခံမည်ဖြစ်ပြီး မြန်မာအစိုးရက ရေးဆွဲထားသည့် လမ်းပြမြေပုံနှင့် အာဆီယံသဘောတူညီချက်ငါးချက်ကြား ချိန်ညှိမှုများနှင့် အပြန်အလှန် ဟန်ချက်ညီစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောသည်။
လာအိုနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်လာစေရန် တရုတ်နိုင်ငံ၏ အပြုသဘောမှပါဝင်ဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်စေရန် ကြိုးပမ်းမှုများကို ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ ပြန်လည်ရရှိစေရန် မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
REF CGTN