၁၆. ၈. ၂၀၂၄
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အထောက်အကူပြုသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော အကျပ်အတည်းအခြေအနေကိုကျော်လွှားနိုင်စေရေး ဒေသဆိုင်ရာစီမံချက်တစ်ခုဖြင့် အဖြေရှာသွားရန်လည်း ထောက်ခံကူညီသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ ၎င်းလာရောက်လည်ပတ်မှု ခရီးစဉ်အတွင်း ဩဂုတ်လ ၁၆ ရက်၌ပြောခဲ့ကြောင်း သိရသည်။
ဝမ်ယိက ထိုင်းနိုင်ငံသို့မလာရောက်မီ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထိုင်းနိုင်ငံအရောက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဤကဲ့သို့ ပြောခဲ့ခြင်းလည်းဖြစ်သည်။
၎င်းက “တရုတ်အစိုးရအနေနဲ့ သူ့ရဲ့ ကတိအတိုင်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုရရှိရေး ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ဆက်လက်ပြောကြားသွားခဲ့သည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ပြုလုပ်မည့် လူဦးရေသန်းခေါင်စာရင်းကောက်ယူရေးအတွက်နှင့် ၂၀၂၅ ခုနှစ်တွင် ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲတို့အတွက် နည်းပညာနှင့် အထောက်အပံ့များပေးသွားမည်ဖြစ်ကြောင်း မစ္စတာ ဝမ်ယိက ပြောခဲ့သည်ဟု မြန်မာအစိုးရနိုင်ငံပိုင် မီဒီယာများတွင်လည်း ဩဂုတ်လ ၁၅ ရက်က ဖော်ပြခဲ့ကြသည်။
ထိုင်းနိုင်ငံသို့ ဒေသဆိုင်ရာ အစည်းအဝေးတစ်ရပ် တက်ရောက်ရန် ရောက်ရှိလာသော ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း အကျပ်အတည်းပြဿနာကို ဖြေရှင်းနိုင်ရန် အများသဘောတူဆန္ဒ ငါးချက်ဟု သိကြသော အရှေ့တောင်အာရှနိုင်ငံများအသင်းကသဘောတူထားသည့် ငြိမ်းချမ်းရေးအစီအစဉ်ကို ထောက်ခံသွားမည်ဟုလည်းပြောကြားသွားခဲ့သည်။
Ref- Bangkok Post