September 20, 2024

၁၆. ၈. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ဆရက်သာကို ကျင့်ဝတ်ချိုးဖောက်မှုနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာတော့ လစ်လပ်နေတဲ့ ဝန်ကြီးချုပ်နေရာအတွက် ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်သူ ပါတီဥက္ကဋ္ဌ ပေတုံတန် ရှင်နာဝပ်ထရာကို ဖျူထိုင်းပါတီက ဝန်ကြီးချုပ်အဖြစ် ဩဂုတ်လ ၁၆ ရက်မှာ အောက်လွှတ်တော်ကို အဆိုပြုခဲ့ရာမှာ အောက်လွှတ်တော်က အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

အောက်လွှတ်တော်မှာ စုစုပေါင်းအမတ်ဦးရေ ၄၉၃ ဦးရှိတဲ့အနက် ဝန်ကြီးချုပ်အဖြစ် အတည်ပြုနိုင်ဖို့ မဲအများစုဖြစ်တဲ့ အနည်းဆုံး အမတ် ၂၄၇ ဦးရဲ့ ထောက်ခံမှုကို ရရှိရမှာဖြစ်ပါတယ်။ ဩဂုတ်လ ၁၆ ရက် နံနက်က အောက်လွှတ်တော်မှာ ဖျူထိုင်းပါတီရဲ့ အဆိုပြုချက်ကို မဲခွဲကြရာမှာ ပေတုံတန်က ထောက်ခဲမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၄၅ မဲ၊ မဲမပေးဘဲနေသူ ၂၇ မဲနဲ့ မဲအများစု ထောက်ခံမဲရရှိကာ ထိုင်းနိုင်ငံရဲ့ ၃၁ ယောက်မြောက်ဝန်ကြီးချုပ်အဖြစ် အတည်ပြုရွေးချယ်ခံခဲ့ရတာပါ။

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ပေတုံတန်က ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘွဲ့ ရရှိခဲ့သူပါ။ ဒီနောက် ဘွဲ့လွန်ဘွဲ့ကိုတော့ အင်္ဂလန်ရှိ ဆာရီးတက္ကသိုလ်မှ နိုင်ငံတကာဟိုတယ်စီမံခန့်ခွဲမှုဘွဲ့နဲ့ ရရှိခဲ့ပါတယ်။ လက်ရှိမှာ SC Asset Corp မှာ ရှယ်ယာ ၂၈ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်နေသလို ဟိုတယ်လုပ်ငန်းဖြစ်တဲ့ Rende Development Co ရဲ့ အမှုဆောင်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် ရွေးချယ်ခံရပြီးနောက်မှာတော့ စတင်တာဝန်ထမ်းဆောင်မှုမပြုမီ ပေတုံတန်က သူ့ရဲ့ စီးပွားရေးကဏ္ဍ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ရမှာပါ။

ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ပေတုံတန်က သူမရဲ့ဖခင် သက်ဆင်အနေနဲ့ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ဖူးတဲ့ အတွေ့အကြုံတွေရှိတာကြောင့် သူမကို အကြံဉာဏ်တွေပေးဖို့ အဆင်သင့်ရှိပါတယ်လို့ ပြောခဲ့ပါတယ်။

Ref- Thai PBS

Leave a Reply

Your email address will not be published. Required fields are marked *