September 20, 2024

၁၆. ၈. ၂၀၂၄
Written by Nyein Kyaw

ဓာတ်မြေဩဇာ တင်သွင်းခွင့် လိုင်စင်ရထားသည့် အသင်းဝင်ကုမ္ပဏီများ အချိန်မီတင်သွင်းမှုမရှိပါက တရားမဝင် ဈေးကွက်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပို့ကုန်‌ရငွေဖြင့် ဆောင်ရွက်နိုင်သည့်ကုမ္ပဏီများကို ဓာတ်မြေဩဇာ တင်သွင်းခွင့်လိုင်စင် ဦးစားပေးထုတ်ပေးသင့်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဩဂုတ်လ ၁၅ ရက်တွင် ပြုလုပ်သည့် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လတွင် ပြုလုပ်ခဲ့သော ဦးဆောင်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ပို့ကုန်ရငွေ Export Earning အထောက်အထားပြနိုင်သည့်ကုမ္ပဏီများ သွင်းကုန်လိုင်စင်ရရှိရေးနှင့် အသင်းမှတင်ပြချက်ဖြစ်သော တင်သွင်းမှုလျော့နည်းလာပါက ဓာတ်မြေဩဇာများ လိုအပ်ချက်ရှိလာပြီး တရားမဝင်ဈေးကွက်များ ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့်အတွက် လစဉ်လိုအပ်ချက်အတိုင်း တင်သွင်းနိုင်ခြင်းမရှိပါက ပို့ကုန်ရငွေဖြင့် ဆောင်ရွက်နိုင်သည့်ကုမ္ပဏီများကို ဦးစားပေးထောက်ခံသင့်ကြောင်း အကြံပြုတင်ပြထား၍ ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ဦးလှမိုးက ပြောကြားသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ထားချက်အရ ၂၀၂၄ ခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင် လေးလအတွက် သွင်းအားစုများ တင်သွင်းသည့်ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိရေး ထောက်ခံပေးထားရာ မြေဩဇာတန်ချိန် ၉၅၃၁၇၉ ဒသမ ၆၄ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၁၃၁၇၄ ဒသမ ၅၄ တန် ရှိပြီဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီများ၏တင်ပြချက်အရ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်အထိ ဓာတ်မြေဩဇာအတွက် လိုင်စင်ရပြီးတန်ချိန် ၆ ဒသမ ၁ သိန်းအနက် တင်သွင်းပြီးတန်ချိန် ၄ ဒသမ ၃၄ သိန်းကျော်ရှိပြီး တင်သွင်းရန်ကျန် လိုင်စင်ရထားသည့် အသင်းဝင်ကုမ္ပဏီများမှ အချိန်မီတင်သွင်းနိုင်ရေး စိစစ်ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဇူလိုင်လအတွင်း မိုးရွာသွန်းမှုများကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော မြို့နယ်များအား ရေကျသည့်အခါ ပြန်လည်စိုက်ပျိုးနိုင်ရေး မြေဩဇာအသင်းဝင်ကုမ္ပဏီများက လိုအပ်သည့်ဓာတ်မြေဩဇာကို သက်သာသောဈေးနှုန်းဖြင့် ပံ့ပိုးပေးမည်ဖြစ်ပြီး ယူရီးယားတစ်အိတ်ကိုငွေကျပ် ၇၃၀၀၀ နှုန်းဖြင့် ၁၅ ပတ်လည် ကွန်ပေါင်းတစ်အိတ်ကို ငွေကျပ် ၁၁၅၀၀၀ နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *