September 20, 2024

၁၆. ၈. ၂၀၂၄
Written by Thettant

ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းရွာတွင် ဓာတုပစ္စည်း ကီလို ၇၀၀၀၀ ခန့် သိုလှောင်ထားသူနှင့် သယ်ယူပို့​ဆောင်သူ ၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၁၃ ရက် နေ့လယ် ၃ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းကျေးရွာရှိ ကျော်စွာလင်း (ခ)ဂွကြီး၏ နေအိမ်ခြံဝင်းအား ၀င်ရောက်ရှာဖွေရာ ခြံဝင်းအတွင်းမှ Caustic Soda ၆၀၀၀၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၇၀၀)၊ Citric Acid Monohydrate ၄၅၀၀ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ သြဂုတ်လ ၁၄ ရက် နေ့လယ် ၃ နာရီအချိန်တွင် အဆိုပါ ဓာတုပစ္စည်းများ လာရောက်ပို့ဆောင်သူ သိန်းဝင်းအား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)တွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ကျော်စွာလင်း(ခ)ဂွကြီး(၃၀)နှစ် နှင့် သိန်းဝင်း(၅၄)နှစ်တို့အား ကျောက်ဆည်မြို့မရဲစခန်းတွင် ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *