September 20, 2024

၁၅.၈.၂၀၂၄
Written By Zun

ဆွေမျိုးတော်စပ်သူက သားမယားအဖြစ်ပြုကျင့်ခံခဲ့ရသည့် မသန်စွမ်း အမျိုးသမီးငယ် မွေးဖွားခဲ့သော သားယောကျ်ားလေးအား ခိုင်နှင်းဝေ မွေးစားရန် ယမန်နေ့ သြဂုတ်လ ၁၄ ရက်က ပေးအပ်ခဲ့ကြောင်း ကလေးမွေးသည့်အမျိုးသမီးငယ်၏ အဒေါ်ဖြစ်သူက MT News ကို ယနေ့ သြဂုတ်လ ၁၅ ရက်ညတွင် ပြောသည်။

အဆိုပါကလေးငယ်အား မွေးဖွားခဲ့သည့် မိခင်မိန်းခလေးငယ်မှာ မွေးရာဆွံ့အ မသန်စွမ်း ဖြစ်နေသောကြောင့် ကလေးတစ်ဦးအပေါ် မိခင်တာဝန်ကျေပြွန်ရန် မလုပ်ဆောင်နိုင်သော ကြောင့် ခိုင်နှင်းဝေအား ပေးရခြင်းဖြစ်ကြောင်း ပြောပြသည်။

“မနေ့က သြဂုတ်လ ၁၄ ရက်နေ့မှာ ခိုင်နှင်းဝေကို ပေးလိုက်ပါပြီ။ ကြီးလာရင် တွေ့ချင်လားလို့ မေးပါတယ်။ မတွေ့ချင်ပါဘူးလို့ ပြောလိုက်ပါတယ်။ သံယောဇဉ်မထားတော့ပါဘူး။ကောင်းတဲ့နေရာကို စိတ်ချလက်ချ ထည့်ပေးလိုက်ပြီဖြစ်တဲ့အတွက်ဆိုပြီးတော့ ပြောလိုက်ပါတယ်။ မခိုင်နှင်းဝေကို ပြောလိုက်တာက အစ်မဆီရောက်သွားတဲ့အတွက် ကျွန်မတို့ထည့်ပေးလိုက်နိုင်တယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်လို့ပေါ့။ ကလေးမွေးထားတဲ့ တူမလေးလည်း နေကောင်းပါတယ်။ သူကတော့ ဒိုက်ဦးဆေးရုံမှာ ၁၃ ရက် နေခဲ့ရပါတယ်။ ဆေးရုံက ဆင်းပါပြီ။ ဆရာမတွေပြောတာကတော့ လမပြည့်ဘူးလို့ ပြောပါတယ်။ သူကတော့ ဘာမှ မပြောဘူး။ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက် မနက် ၅ နာရီ ၄၀ မိနစ် ဗုဒ္ဓဟူးနေ့မှာ မွေးပါတယ်။ဆရာမကြီးက ၈ လ ပိုင်း ၁၈ ရက်နေ့ကို ခွဲမွေးဖို့ ရက်ချိန်းပေးထားတယ်။ ဒါပေမဲ့ သဘာဝအတိုင်း မွေးသွားတာပါ။ ယောကျ်ားလေးပါ။ သူ နောက်ဖေးသွားချင်တယ်လို့ လက်ဟန်ခြေ ဟန်နဲ့ ပြောတယ်။ ပါလိုက်လို့ ပြောတော့ ကလေးက မွေးသွားတယ်။ အခု ကလေးကိုပေးလိုက်ရတဲ့အတွက် ဘယ်လိုမှ မခံစားရပါဘူး။ ကိုယ့်တူမလေး မသန်စွမ်း၊ စကားမပြောတတ်တဲ့ တူမလေးရဲ့ ဖြစ်ပျက်တာတွေကိုပဲ ခံစားရပါတယ်။ ဒီကလေးမွေးတဲ့အတွက် ကလေးကို လူသားချင်းကိုယ်ချင်းစာနာတယ်။ ကလေးမှာ အပြစ်မရှိဘူး။ စာနာစိတ်နဲ့ မခိုင်နှင်းဝေကို ပေးရတာပါ။ သူကကြတော့ ကလေးကို အပြည့်အစုံ လုပ်ပေးနိုင်တယ်။ ကောင်းတဲ့ နေရာကို ရောက်စေချင်တဲ့စိတ်နဲ့ မခိုင်နှင်းဝေဆီကို ရောက်ရင် ကောင်းတယ်ဆိုတဲ့စိတ်နဲ့ ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ လာတောင်းသူတွေ ရှိပေမဲ့ မပေးခဲ့ဘူး။ မခိုင်နှင်းဝေဆီကို ရောက်ရင်တော့ ကောင်းကောင်း နေရမယ်။ ပညာလည်းတတ်မယ်။နိုင်ငံ့သားကောင်းလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ အဲလိုစိတ်နဲ့ ပေးခဲ့တာ ဖြစ်ပါတယ်”ဟု ယင်းက ရှင်းပြသည်။

မွေးရာပါဆွံ့အ ကိုယ်အင်္ဂါမသန်စွမ်းသူအမျိုးသမီးငယ်အား မုဒိန်းကျင့်(သားမယားအဖြစ် ပြုကျင့် )ခဲ့သော တရားဆွဲဆိုခံရသူ ကျော်နိုင်ဝင်း (ခ) နိုင်နိုင်ကို ညောင်လေးပင်ခရိုင်တရားရုံးက ပြစ်မှုထင်ရှားသဖြင့် ပြီးခဲ့သည့်ညဇူလိုင်လ ၃၀ ရက်တွင် ထောင်ဒဏ် နှစ်၂၀ ချမှတ်ခဲ့သည်။

မွေးရာပါဆွံ့အ ကိုယ်အင်္ဂါမသန်မစွမ်းသည့် အသက် ၂၀ ခန့် မိန်းခလေးငယ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်က ဖြစ်ပြီး ဘေးချင်းကပ်လျက်နေအိမ်မှ ဦးကြီးဖြစ်သူ သမီးပျို ၃ ဦး၏ ဖခင်က မုဒိန်းကျင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းကို MT News က ပြီးခဲ့သည့် ဇွန်လအတွင်းက နှစ်ကြိမ်နှင့် ဇူလိုင်လအတွင်းက ပြစ်ဒဏ်ချစဥ် တစ်ကြိမ် ဖော်ပြခဲ့ပြီး ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *