September 20, 2024

၁၅.၈.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊ မိတ္ထီလာ-မြင်းခြံလမ်း၊ ထွန်းညိုလူတိုးဂိတ်အနီးတွင် သူနာပြုဆရာမတစ်ဦးမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်နောက်တွင် ပစ္စည်းများကို ကြိုးဖြင့်တုပ်နှောင်ထားရာ ထိုကြိုးမှာ ဆိုင်ကယ်နောက်ဘီးထဲသို့ရောက်ရှိပြီး ဆိုင်ကယ်မှောက်၍ ဆိုင်ကယ်မောင်းသည့် သူနာပြုဆရာမမှာ ဦးခေါင်းတွင်ဒဏ်ရာအပြင်းအထန်ရရှိ၍ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ သြဂုတ်လ ၁၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မှောက်၍ သတိလစ်နေသည့် အမျိုးသမီးလူနာတစ်ဦးကို ဝန်ဇင်းလူငယ်လူမှုကူညီရေးအသင်းယာဥ်ဖြင့် မိတ္ထီလာဆေးရုံမှတစ်ဆင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀ ဆေးရုံသို့ပို့ဆောင်ရာ ထိုဆေးရုံ၌ ကုသနေစဥ် ယနေ့ သြဂုတ်လ ၁၅ ရက်နေတွင် သေဆုံးသွားခဲ့သည်။

“တုပ်ကြိုးကပြုတ်ပြီး ဘီးကြားထဲရောက်သွားတာ။ အဲ့ဒီမှာ ဆိုင်ကယ်က လဲသွားတာ။ လူနာသွားသယ်တော့ လူနာက သတိလစ်နေပြီ။ လူနာက မိတ္ထီလာမရလို့နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံ ပို့လိုက်တာ။ ဒီနေ့ဆုံးသွားတယ်။ သူက သူနာပြု” ဟု ဝန်ဇင်းလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

သေဆုံးသည့် သူနာပြုဆရာမမှာ အသက် (၂၂) နှစ်ခန့်သာရှိပြီး မိတ္ထီလာမြို့၊ အင်းပလက်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း မိတ္ထီလာမြို့တွင် သူနာပြုဆရာမတစ်ဦးနှင့် ၎င်း၏ချစ်သူတို့ မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်နှင့် ဆရာတော်၏ မော်တော်ယာဥ်နှင့် တိုက်မိရာက ထိုစုံတွဲနှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဥ်လည်းရှိခဲ့သည်။

ဓာတ်ပုံ -မင်းမင်း

Leave a Reply

Your email address will not be published. Required fields are marked *