October 18, 2024

“၂၀၂၂ ကုန်ဆုံးခဲ့သော တစ်နှစ်အပေါ် အနုပညာရှင်များ၏ သုံးသပ်ချက်နှင့် နှစ်သစ်ဆုတောင်း”

၂၅. ၁၂. ၂၀၂၂
Written by Naddy

နှစ်ဟောင်းဖြစ်သော ၂၀၂၂ ခုနှစ်ကုန်ပြီး ၂၀၂၃ ခုနှစ်သို့ ကူးပြောင်းတော့မည့် ကာလအတွင်း အနုပညာရှင်တချို့၏ ကုန်ဆုံးခဲ့သော နှစ်တစ်နှစ်အပေါ် မိမိ အနုပညာသုံးသပ်ချက်အမြင်နှင့်နှစ်သစ်ဆုတောင်းစကားသံများကို MT News မှ စုစည်းပြီး တင်ပြလိုက်ပါသည်။

ယနေ့သည် ခရစ္စမတ်နေ့မြတ်လည်းဖြစ်သောကြောင့် နိုင်ငံတစ်ဝန်း၊ ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်ဘာသာဝင်များနှင့်တကွ အခြားသောဘာသာဝင်များအားလုံးအပေါ်လည်း ငြိမ်းချမ်းသာယာမှုအပေါင်း ကျရောက်ပါစေဟု MT News သတင်းဌာနက ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။

သရုပ်ဆောင် ဝေဠု

ကျွန်တော်တဖြေးဖြေးနဲ့ ကိုယ်ချင်းစာစိတ်တွေ ပိုများလာတယ်။ အကောင်းမြင်စိတ်တွေ ပိုများလာတယ်လို့ ကျွန်တော်ခံစားရတယ်။လူတွေကို သာရေးပိုင်းတွေ ၊ နားရေးပိုင်း လှူဒါန်းမူတွေလုပ်နိုင် ပိုပိုပြီး လူပီသလာတယ်လို့ ခံစားရတယ်။ ဒီကာလက အနုပညာသမားတွေ အရမ်းအပြောခံခဲ့ရတယ်။ နိုင်ငံရေးနဲ့ ဆက်နွှယ်တာတွေရော၊ ‌ဝေဖန်တာတွေ Troll တွေလည်း တွေ့ရတယ်။ ဒီအထဲမှာ ကိုယ်မပါခဲ့တာ ကိုယ့်ကိုယ်ကိုယ်ပဲ ကျေနပ်တယ်။ ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူတွေကို အဓိကကူညီပေးခဲ့တယ်။ စား၀တ်နေရေးခက်ခဲရင် စား၀တ်နေရေးထွက်လှူတယ်။ အောက်ဆီဂျင်လိုအပ်ရင် အောက်ဆီဂျင်ထွက်လှူတယ်။ အမြဲတမ်းရှေ့ထွက် ကူညီပေးခဲ့တယ်။ယခုချိန်ထိ လူလည်း မပျောက်သွားသလို Facebook Acc လည်း ပျောက်မသွားဘူး။ ဝေဖန်ပြစ်တင်ခံရတဲ့အထဲမှာ မပါတဲ့အတွက် ကိုယ်ရဲ့လိပ်ပြာကိုယ်လုံတယ်။ ကိုယ့်ရပ်တည်မူတွေ ကိုယ်ရဲ့စိတ်နေ စိတ်ထားတွေ တစ်သတ်မှတ်ထဲရှိခဲ့တာပါလား သုံးသပ်မိလို့ ပိုပြီးကျေနပ်မိတယ်။အပေါင်းအသင်းနည်း စကား နည်းလာလေ နေထိုင်ရတာပိုအရသာရှိလေပါ။ စကားကြီးစကားကျယ်ပြောတာ မဟုတ်ဘူး ဘာမှကို သိပ်မလို ချင်တော့ပါဘူး။ ဘာမှလည်း သိပ်မသိချင်တော့ဘူး။ ကိုယ့် အဖေ အမေနဲ့ အေးချမ်းစွာ ဖြတ်သန်းခြင်တော့တယ်။ ပရိသတ်အားလုံး ကျန်းမာရေးကို ပိုအထူးဂရုစိုက်ကြပါ။ ကိုယ်ချင်းစာစိတ်ကို မွေးကြပါ ၊လူအချင်းချင်း ရိုင်းပင်း ကူညီကြပါလို့ ပြောချင်ပါတယ်။

သရုပ်ဆောင် မေမီကိုကို

၂၀၂၂ ခုနှစ်မှာ အဆိုးတွေပဲဖြစ်တဲ့ နှစ်ပေါ့။ အဆိုးတွေထဲက နည်းနည်းပါးပါး ကံကောင်းခြင်းတွေလည်း ရှိပါတယ်။ကံကောင်းခြင်းကလည်း ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အခိုက်အတန့် စိတ်ပင်ပန်းတာတွေ လည်းရှိတယ် လူတိုင်းကတော့ ကံကောင်းခြင်းတွေပဲ ရှိမနေနိုင်သလို အမြဲ ကံဆိုးခြင်းတွေပဲလည်း ရှိနေတာ မဟုတ်ပါဘူး။ ကိုယ့် မြန်မာတွေမှာရှိတယ်လေ ဘယ်နှစ်လပျော်ပြီး ဘယ်နှစ်လစိတ်ညစ်ရတယ်။

သာမာန်လေးပဲ ကောင်းပါတယ်။ ကံကောင်းလိုက် ကံဆိုးလိုက်ကိုလည်း မေမီ လက်ခံပါတယ်။ မျှတနေတာပဲ မေမီလိုချင်တယ်။ ကံကောင်းခြင်းပဲရှိပြီ ကံဆိုးခြင်းမရှိဘူးဆိုရင် ပုံမှန်မဟုတ်တဲ့အရာတွေပါ။ ကံအမြဲတမ်းကောင်းတာပဲ ဒီလိုမျိုးဆိုရင်လည်း ပိုအထိနာတယ်။ ကိုယ့်ကံကောင်းလို့ အရမ်းပျော်နေချိန်မှာ သူများသေမွှားတဲ့ ကံဆိုးခြင်းက ကိုယ့်အတွက် ကြီးကြီးမားမားဖြစ်တတ်တယ်။ အပျော်တွေပဲ တွေ့နေရင် ကံဆိုးခြင်းသေးသေးကိုလည်း မလိုချင်တော့ဘူး။ကံဆိုးခြင်းတွေပဲ ရောက်လာပြီး သူများအတွက် ဘာမဟုတ်တဲ့ အပျော်လေးက ရေငတ်ရင် ရေတွင်းထဲ ပြုတ်ကျသလို ခံစားရနိုင်တယ်။ အရာရာမျှတနေတာ ကောင်းပါတယ်။ လူတိုင်းကလည်း အမြဲ ကံကောင်းနေသူမဖြစ်နိုင်ပါဘူး။လာမယ့် နှစ်သစ်မှာ အားလုံးလိုချင်တဲ့ ဆန္ဒတစ်ခုရှိကြမယ်။ မေမီလည်း လိုချင်တယ်။ ထပ်တူအမြန်ဆုံးပြည့်စုံပါစေ။ နှစ်သစ်မှာ ကျန်းမာရေးကောင်းမွန်စွာနေထိုင်နိုင်ပါစေ။စိတ်ဓာတ်တွေလည်း ပြန် မြင့်တက်လာကြပါစေလို့ ဆုတောင်းပေးပါတယ်။

သရုပ်ဆောင် ရှင်ယွန်းမြတ်

ဒီနှစ်က ကိုယ့်အတွက် ကံဆိုးတယ်လို့ ထင်ရပေမယ့် ကိုယ့်အတွက် အရမ်းကံကောင်းတဲ့ နှစ်ပေါ့။ ဒီနှစ်မှာသာ ရှင်ယွန်းသည် ဒီလိုကံဆိုးမူမျိုး မကြုံခဲ့ရဘူးဆိုရင် နောင်ဘယ်အချိန် ကံဆိုးလို့ ဆိုးမှန်းမသိ ဆိုးနေမလဲဆိုတာ ကိုယ်ကိုယ်တိုင်မသိဘူးပေါ့။ ဘဝမှာ ကိုယ့်ကိုကိုယ့်အပြစ်မတင်ဘူး။ လူက ကိုယ့်ကိုကိုယ့်မှ မချစ်ဘူးဆိုရင် ဘယ်သူမှ ကိုယ့်ကိုချစ်မှာ မဟုတ်ဘူး။ ဒါကိုကောင်းကောင်း နားလည်သွားတယ်။ လက်ညှိုးတွေက ကိုယ့်ကို သူများတွေဝိုင်းထိုးနေချိန် ကိုယ်တိုင် ကိုယ့်ဘာသာပြန်လက်ညှိုးထိုးမိရင် ကိုယ်တိုင်က သနားစရာ ကောင်းတဲ့သူရှိတော့မှာ မဟုတ်ဘူး။ ဒီ ၂၀၂၂ သည်ရှင်ယွန်းအတွက် ကံဆိုးခဲ့သည်ဆိုသော်လည်း ကံကောင်းတဲ့ နှစ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ လူတွေရဲ့ Second Face တွေ ၊ ရုပ်ပြောင်းရုပ်လွဲတွေ အတွင်းထဲက အမြင်ပုံစံမတူတာတွေ အားလုံးကို တွေ့လိုက်ရတယ်။ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ နာကျဥ်းနေမှန်းမသိ နားကျဥ်း နေရတာတွေ တွေ့ရတယ်။ အနုပညာမှာဆိုလည်း အရင်က သို့လောသို့လောထင်တယ်ပေါ့။ လူတွေက အမြင်နဲ့ပဲဆုံးဖြတ်တာ။ သိပ်အများကြီးရှင်းပြနေစရာ မလိုဘူး။ ကိုယ်လုပ်စရာရှိတာသာ တစ်စိုက်မတ်မတ်လုပ်ထားနေရင်ကို သူ့အလိုလိုပေးတယ်ပေါ့။ သူ့အတွက်အကျိုးရှိတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိတယ်ဆိုရင် အလုပ်တွေ ဆက်လုပ်သွားမယ်။ အနုပညာကြိုးစားတာလေး အရာထင်တယ်လို့ထင်တယ်။ ဒါကပိုက်ဆံပေးဝယ်လို့ရတာ မဟုတ်ဘူး။ ကိုယ့်စိတ်မှာတော့ လက်ရှိ‌ရောက်နေတဲ့နေရာကို စိတ်ကျေနပ်ပါတယ်။ လူတွေအားလုံး စီးပွားရေး နိုင်ငံရေး လူမူရေး ကျန်းမာရေး အကုန်လုံးအဆင်မပြေတဲ့ကြားက နှစ်တစ်နှစ်ကို ကုန်မှန်းမသိကုန်လာခဲ့တာ ကြာပါပြီ။ ဒီနှစ်ကုန်ပြီးချိန်ကစပြီး မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ့်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီးတော့ ကပ်ရောဂါဆိုး အကုန်လုံးကနေလွတ်ပြီးတော့ စည်ပင်ဝပြောတဲ့ နိုင်ငံတော်ပြန်ဖြစ်ပြီး အကုန်လုံး စီးပွားရေး လူမူရေး ကျန်းမာရေးစိတ်ပိုင်းဆိုင်ရာ နာကျဥ်းမှုတွေ ပျောက်ကင်းပြီး ကျန်းမာပျော်ရွှင်ကြပါစေ ဆုတောင်းပေးပါတယ်။၂၀၂၃ မှာလည်း လူတွေကို အဆိပ်အတောက်ဖြစ်စေမှာတွေ ဖယ်ပြီး အသစ်တဖန် ပြန်လာမယ်လို့ ပြောချင်ပါတယ်။

အဆိုတော် စိန်လင်း

၂၀၂၂ ကုန်တော့မှာဆိုတော့ ကိုယ်ကိုကိုယ် သုံးသပ်တာက ကျွန်တော်အများကြီး လုပ်နိုင်ခဲ့ပြီ။ အရင်တုန်းက မလုပ်ဖူးတဲ့ ကာရိုက်တာတွေ မဆိုဘူးတဲ့ သီချင်းပုံစံတွေ အမျိုးအစားတွေ ၂၀၂၂ မှာ အများကြီး ပြောင်းလဲပြီးတော့ လုပ်ထားတယ်။ ရိုက်ကူးမှုအပိုင်းရော သရုပ်ဆောင်အပိုင်းမှာရော သီချင်းရွေးမှုအပိုင်းပါ အကောင်းဆုံးလုပ်ခဲ့တယ်။ အရင်က စိန်လင်းနဲ့ ၂၀၂၂ New စိန်လင်း ဖြစ်အောင်ဖန်တီးထားတယ်။ လာမယ့် ၂၀၂၃ ဆိုရင် ပိုပြီးတော့ ပရိသတ်တွေ လုံးဝ မထင်ထားတဲ့ စိန်လင်းတစ်ယောက်ဖြစ်အောင် ထပ်ပြီးလုပ်မယ့်လို သန္နိဋ္ဌာန်ချထားတယ်။ ၂၀၂၂ ပြန်လည် သုံးသပ်မယ်ဆိုရင် ဆိုးတဲ့ မကောင်းတဲ့အရာတွေအများကြီး ဖြတ်သန်းခဲ့ရတယ်။ ပျော်ရွှင်စရာမကောင်းတဲ့ နေ့ရက်တွေ ခက်ခက်ခဲခဲလည်း ကျော်လွှားခဲ့ရတယ်။ ဒီအထဲက အတွေ့အကြုံအများကြီးရပြီးတော့ ကိုယ့်စိတ်က ပိုရင့်ကျက်လာတယ်။ ပိုပြီးတရားတွေ ရင်ထဲမှာ ကိန်းအောင်းလာတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကိုယ်ကိုယ် ဖြတ်ကျော်နိုင်ခဲ့ပါလားလို့ Confidence ပိုပြီး ရှိလာတယ်။ ကျွန်တော့်အပြင် ဘယ်သူဖြစ်ဖြစ် ပြဿနာတစ်ခုကြုံတွေ့ရင် ရှောင်လွဲလို့ မရပါဘူး။ လူတိုင်းအခက်အခဲကို ကျော်လွှားနိုင်အောင် ကြိုးစားရတယ်။ ဘယ်သူ ဖြစ်ဖြစ် အခက်အခဲကို မကြောက်ဘဲ ထိပ်တိုက်တွေ့ပြီး ကျော်လွှားပါလို့ပြောချင်တယ်။ ဂိမ်းကစားသလိုပါပဲ။ အကောင်းဆုံးကျော်လွှားနိုင်ရင် အဆင့်မြင့်တဲ့ Level တစ်ခုကိုရောက်သွားမယ်။ ဘဝဆိုတာ တိုက်ပွဲတစ်ခုပါပဲ။ Level အဆင့်တစ်ခုကို မကျော်နိုင်ရင် ကိုယ့်အဆင့်က နိမ့်နေဦးမှာပါပဲ။ ကိုယ့်အဆင့်မြင့်ချင်ရင် Level တိုင်း မကြောက်ဘဲနဲ့ ရင်ဆိုင်ပါလို့ပြောချင်တယ်။ နှစ်သစ်မှာ ပရိသတ်တွ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနဲ့ ပြည်စုံနိုင်ကြပါစေ။ အနာရောဂါဝေဒနာခပ်သိမ်း ကင်းရှင်းပြီးတော့ စီးပွားလုပ်ငန်းတိုးတက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။

သရုပ်ဆောင် ဇင်မျိုး

ဒီနှစ်ကတော့ ကျွန်တော် ကိုယ်တိုင်က သိပ်ကံမကောင်းဘူး။ အလုပ်အကိုင်တွေက ကျပ်တည်းနေတော့ ဒီလိုဘဲ လုပ်ကိုင်ရတာပါပဲ။ နောက်နှစ်တော့ အကောင်းဆုံးနေထိုင်နိုင်အောင်တော့ စီစဥ်နေပါတယ် ။ လာမယ့် နှစ်စဥ်မှာတော့ အားလုံး ကံကောင်းကြပါစေလို့လည်း ဆုတောင်းပေးပါတယ်။

တေးသံရှင် လှယမင်းအိမ်

ဒီ ၂၀၂၂ ခုနှစ်ကတော့ ညီမအတွက် သီချင်းဆိုရင် တစ်ပုဒ်ဆို တစ်ပုဒ်ဆိုသလောက် “မောင်လေးစား”ကြီး နဲ့ တွဲမြင်သွားကြတယ်။ တခြားအဆိုတော်တွေဆိုလည်း သူတို့ ဘ၀အတွက် အဆိုတော်ဖြစ်ကြတဲ့ မှတ်တိုင် သီချင်းတွေရှိကြတယ်။ ညီမကို ဒီနှစ်မှာ မောင်လေးစား ကြီးနဲ့ တွဲမြင်သွားကြတယ်။ မနှစ်ကတော့ Red Velvet ထဲက အိုင်ရင်းနဲ့ တွဲမြင်ကြတယ်။ ဒီထက် ပိုသာလွန်တဲ့ သီချင်းမျိုးဆိုရင်လည်း ပရိသတ်က အဲဘက်ကို ပြောင်းသွားပြီး မှတ်မိသွားမယ်လို့ထင်ပါတယ်။ ဒီနှစ် ဂီတပိုင်းနဲ့ ပတ်သက်ပြီးလည်း ကျေနပ်အားရမူတော့ ရှိပါတယ်။ ဒီ ၂ နှစ်ကျော် ၃ နှစ်ကြာ ကာလအတွင်းမှာ မြန်မာပြည်သူ ပြည်သားတွေ အများကြီးပဲ ကိုဗစ်ကြောင့်ရော ဘက်စုံအခြေအနေတွေကြောင့် အများကြီး စိတ်ပင်ပန်းခဲ့ရတာရှိတယ်။ နောက်နှစ်ကနေ စပြီးတော့ အမြဲတမ်း လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေပါစေ။ ကျန်းမာချမ်းသာကြပါစေလို့ အစစအရာရာ အဆင်ပြေချောမွေ့ကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်။

ဒါရိုက်တာ ဟိန်းစိုး

ဒီနှစ်ထဲမှာ ကိုယ်ဖန်တီးတဲ့ “၀ိပါက”လေး တစ်ပြည်လုံး အတိုင်းအတာနဲ့ အောင်မြင်တယ်ဆိုတော့ ပီတဖြစ်ပါတယ် ဒါပါပဲ။ ပီတိပဲ စားတာပါ။ ကျန်တာကတော့ ကိုဟိန်းစိုးမှာ ဘာမှကို မရှိပါဘူး ။ လာမယ့် ၂၀၂၃ ခုနှစ်မှာတော့ အကောင်းဆုံး အနုပညာတွေ ဖန်တီးဖို့ စိတ်ကူးထားတယ် ။ MRTV- 4 ချပေးတဲ့ သရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းတွဲတွေကို အကောင်းဆုံးရိုက်သွားရမှာပါ။ ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်ခွင့် မရှိပါဘူး။

၀ိပါက ဇာတ်ကားက အရမ်းကောင်းခဲ့တော့ နောက်ကားတွေ ဒီ့ထက်မသာရင်တောင် ၀ိပါက နီးပါးပရိသတ်လက်ခံအပိုင်းထိတော့ ရိုက်ပေးမှာပါ။ကျွန်တော့်ကားကို အမြဲကြည့်ရူအားပေးတဲ့ ပရိသတ်အပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။

သရုပ်ဆောင် ထွန်းပုလဲရတနာ

၂၀၂၂ ကတော့ ပုလဲအတွက် ကိုယ်တက်တဲ့လမ်းကြောင်း စတင်လာတယ်။ ဇာတ်လမ်းတွဲလေးတွေ ထွက်တယ်။ ကြားထဲမှာ ဇာတ်လမ်းတွဲအပြင် ကိုယ်လုပ်တဲ့ အလုပ်တွေက ထိုက်သင့်သလောက် ရောက်သွားတယ်။ Positive Feedback တော့ ရပါတယ်။ ပုလဲက ကိုယ့ကြိုးစားနေတဲ့ လမ်းကြောင်းလေးက လှေကားလေးတစ်ဆင့်တစ်ဆင့် တဖြေးဖြေးတက်သွားတယ်လို့ ခံစားရတယ်။ ၂၀၂၂ ခုနှစ်ကတော့ ပုလဲကြိုးစားသမျှ အရာထင်ခဲ့တယ်။ ကိုယ့်စိတ်မှာ ခံစားရတယ်။ ပရိသတ်တွေကလည်း ချစ်ကြတယ် အားပေးကြတယ်ဆိုတော့ နောက် ၂၀၂၃ မှာ ဒီထက်ပိုပြီး အောင်မြင်မှုဆိုတာထက် ဒီထက်ပိုကြိုးစားမယ်။ ပရိသတ် ၁၀၀ သိတယ်ဆိုရင် ၁၀၀၀ ပိုသိလာအောင် ပုလဲပိုကြိုးစားဖို့လည်း အားတွေရှိလာပါတယ်။ ပရိသတ်ချစ်အောင် အမြဲနေပါတယ်။ ၂၀၂၂ ကတော့ Good Year ပါ။၂၀၂၂ ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် နှစ်သစ်မှာ ဒီထက်ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ အခွင့်အရေးတွေ အများကြီး New Year , New Day , New Future ဆိုတဲ့အတိုင်းပဲ။ ဖြစ်ပြီးခဲ့တာတွေကို ပြန်တွေးမကြည့်ဘဲ နောင်အနာဂတ်မှာ ဘာအခက်အခဲပဲ ရှိရှိ ဒီ့ထက်ပိုကောင်းအောင် ကျော်လွှားနိုင်အောင် ခွန်အားတွေမွေးကြပါ။ စိတ်သစ်လူသစ်နဲ့ လာမယ့် ၂၀၂၃ ကို ဖြတ်သန်းကြနိုင်ပါစေလို့ ပုလဲက ဆုတောင်းပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *