September 20, 2024

၁၅. ၈. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ်၊ ညောင်ပင်သာနှင့် ဖြူးဘူတာအကြား Remote မိုင်းဖြင့် ဖောက်ခွဲခံခဲ့ရသဖြင့် လုံခြုံရေးကင်းလှည့် သံလမ်းပြေးယာဉ် (RGC- 89) လမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး လူစီးရထားနှင့် ကုန်ရထားများ ကြန့်ကြာမှုဖြစ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၁ နာရီခန့်တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ်၊ ညောင်ပင်သာဘူတာမှ လုံခြုံရေးကင်းလှည့်ထွက်ခွာလာသည့် သံလမ်းပြေးယာဉ် (RGC-89) သည် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ညောင်ပင်သာနှင့် ဖြူးဘူတာအကြားအဆန်လမ်း မိုင်တိုင်အမှတ် (၁၃၂) ကြေးနန်းတိုင်အမှတ် ၅ နှင့် ၆ အကြား၌ ဖြတ်သန်းစဉ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က Remote မိုင်းဖြင့် ဖောက်ခွဲခဲ့သဖြင့် သံလမ်းပြေးယာဉ် (RGC-89) လမ်းချော်ကျမှုဖြစ်ပွားခဲ့ရခြင်းကြောင့် လူစီးရထားနှင့် ကုန်ရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီရောက်ရှိပြီး နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထား ဝန်ထမ်းများကလည်း လမ်းချော်ကျသော သံလမ်းပြေးယာဉ်အား မတင်၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရထားလမ်း ပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အဆန်ရထားလမ်း၏ အရှေ့ဘက်သံလမ်းနှင့် ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းဆောင်ရွက်နေသော ရထားပြေးဆွဲမှုမရှိသေးသည့် အစုန်ရထားလမ်း၏ အနောက်ဘက် သံလမ်းများ ၃ ပေခန့်စီ ပြတ်ထွက်၊ ကွန်ကရစ်ဇလီဖား ၁၅ တုံးနှင့် သံလမ်းပြေးယာဉ်၏ ဘာဖာရှပ်တန်းကျိုးသည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရန်ကုန်မြို့မှ ထွက်ခွာလာသည့် အမှတ်(၁)အဆန် ရန်ကုန်-မန္တလေး စာပို့ရထားသည် နံနက် ၈ နာရီ ၃၅ မိနစ်တွင် လည်းကောင်း၊ အမှတ်(၁၁) အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် နံနက် ၉ နာရီ ၄၃ မိနစ်တွင်လည်းကောင်း ညောင်လေးပင်ဘူတာသို့ အသီးသီး ရောက်ရှိရပ်တန့်စောင့်ဆိုင်းခဲ့ရပြီး၊ အမှတ်(၁၁)အဆန် လူစီးအမြန်ရထားသည် နေ့လည် ၁၁ နာရီ ၄၅ မိနစ်နှင့် အမှတ်(၁)အဆန် စာပို့ရထားသည် နေ့လည် ၁၂ နာရီ ၇ မိနစ်တွင် ညောင်လေးပင်ဘူတာမှ အသီးသီးပြန်လည်ထွက်ခွာနိုင်ခဲ့သဖြင့် အမှတ်(၁၁)အဆန် အမြန်ရထားသည် ၂ နာရီ ၂ မိနစ်နှင့် အမှတ်(၁)အဆန်စာပို့ရထားသည် ၃ နာရီ ၃၂ မိနစ် အသီးသီး ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်းပြေးဆွဲနေသည့် အမှတ်(၉၀၃) အဆန် ကုန်ရထားသည် ပြွန်တန်ဆာဘူတာ၌ နံနက် ၇ နာရီ ၅ မိနစ်မှစ၍ စောင့်ဆိုင်းခဲ့ရသည်။ လမ်းပိုင်း ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများအား ယနေ့ နေ့လည် ၁ နာရီခွဲ၌ ဆောင်ရွက်ပြီးစီး၍ ဖြူး-ညောင်လေးပင် ရထားလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ရထားများပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခု အချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၇၉)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၇၁) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်း (၁၆)ကြိမ် ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *