September 20, 2024

၁၅.၈.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီး ချုပ်အား ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် ရာထူးမှနုတ်ထွက်ရန် သြဂုတ်လ ၁၄ ရက်က ဆုံးဖြတ်ခဲ့ကြပြီးနောက် အာဏာရ ဖျူထိုင်းပါတီအနေနှင့် အဆိုပြုရန် ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ခဲ့ကြရာတွင် နောက်ဆုံးသတင်းများအရ ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏သမီး ပေတုံတန် ရှင်နာဝပ်ထရာအား ဝန်ကြီးချုပ်နေရာအတွက် အဆိုပြုရန် သြဂုတ်လ ၁၅ ရက်တွင် မဲပေးရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ဖျူထိုင်းပါတီ အနေဖြင့် မူလတွင်မူ အသက် ၇၅ နှစ်ရှိ ဥပဒေပညာရှင်နှင့် ဝန်ကြီးဟောင်းဖြစ်သူ ချိုင်ကာဆမ် နီဆီတီရီ ကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုရန် ရွေးချယ်ခဲ့သည်။ သို့သော် သြဂုတ်လ ၁၅ ရက် နံနက်က ဖျူထိုင်းပါတီ၏အမတ်များ တွေ့ဆုံဆွေးနွေးမှုအပြီးတွင်မူ ၎င်းတို့က ချိုင်ကာဆမ် အစား ဝန် ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ ပါတီခေါင်းဆောင် ပေတုံတန်ကို အဆိုပြုရန် ပိုမိုနှစ်သက်ကြောင်း မဲပေးရွေးချယ်ခဲ့ကြသည်။

ဖျူထိုင်းပါတီ၏ သတင်းအရင်းအမြစ်များအရ ချိုင်ကာဆမ်ကို ဝန်ကြီးချုပ်အဖြစ်အဆိုပြုရန် သက်ဆင်က ပိုမိုနှစ်သက်ခဲ့ခြင်းဟု ဆိုသည်။ သို့သော် ဝန်ကြီးချုပ်ဟောင်း ဆရက်သာက ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ သော ပီချစ်အား လာဘ်စားမှုနှင့်အရေးယူခံခဲ့ရခြင်းအား ချန်ထားခဲ့ရန် ချိုင်ကာဆမ် ရှေ့နေချုပ်တာဝန်ယူစဉ်ကအစိုးရရှေ့နေများကို အမိန့်ပေးခဲ့သည်။ ထို့ကြောင့်လည်းချိုင်ကာဆမ်မှာ ထိုအမှုဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေခုံရုံးက အရေးယူခြင်း ခံရနိုင်သည်ကို ဖျူထိုင်းအမတ်များကစိုးရိမ်ခဲ့ကြသည်ဟုလည်း ဆိုသည်။ ဝန်ကြီးချုပ်ဟောင်း ဆရက်သာမှာလည်း ပီချစ်အား ခန့်အပ်ခဲ့မှုကြောင့် ကျင့် ဝတ်ဖောက်ဖျက်မှုဖြင့် အရေးယူခံရခြင်းဖြစ်သည်။

ဖျူထိုင်းပါတီအနေဖြင့် သြဂုတ်လ ၁၆ ရက်နံနက်တွင် ၎င်းပါတီ၏ ဝန်ကြီးချုပ်အဖြစ်အဆိုပြုသူကို အတည်ပြုနိုင်ရန် အောက်လွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။ အကယ်၍သာ အသက် ၃၇ နှစ်ရှိပြီဖြစ်သော ပေတုံတန်ကို အောက်လွှတ်တော် အတည်ပြုခဲ့ပါက ထိုင်းနိုင်ငံ၏ ၃၁ ယောက်မြောက်နှင့် အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာမည့်အပြင် သက်ဆင်မိသားစု၏ ထိုင်းနိုင်ငံတွင် တတိယမြောက်ဝန်ကြီးချုပ်လည်း ဖြစ်လာမည်ဖြစ်သည်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *