September 20, 2024

လေလံမအောင်သေးသရွေ့အကြိမ်ကြိမ် လေလံတင်နိုင်ဟု သိရ

၁၅.၈.၂၀၂၄
Written By Zun

ဒုတိယအကြိမ် လေလံမအောင်ခဲ့သည့် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမွေခွဲမည့် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)၏ လေလံကြမ်းခင်းဈေး ထပ်မံ အပြောင်းအလဲရှိနိုင်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက စုံစမ်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ခြံအမှတ် (၅၄) ၏ လေလံဈေးနှုန်းကို ယခင် သတ်မှတ်ထားသည့် ကျပ်ငွေ ၃၁၅ ဘီလျံ အစား ကျပ်ဘီလျံ ၃၀၀ ဟုပြောင်းလဲ ပြင်ဆင်ခဲ့ကာ ယနေ့ သြဂုတ်လ ၁၅ ရက်တွင် ဒုတိယအကြိမ် လေလံတင်ခဲ့ခြင်း ဖြစ်သည်။ လေလံပွဲကို နေအိမ်ခြံပေါက်ဝ၌ပင် ပြုလုပ်ခဲ့ပြီး ဝယ်ယူမည့်သူမရှိသောကြောင့် မနက်ဖြန် သြဂုတ်လ ၁၆ ရက်တွင် တရားရုံးသို့ ပြန်လည်တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

“မနက်ဖြန်မှာ လေလံ မအောင်ဘူးဆိုတဲ့အကြောင်းကို တရားရုံးမှာ ပြန်တင်ပြရမယ်။ ပြီးတော့ ဈေးကို ပြန်ပြင်ဖို့ ရှိနိုင်တယ်။ လေလံက မအောင်မချင်းလုပ်လို့ရပါတယ်။တစ်ခု ရှိတာပေါ့။ အခု ဒီအမွေကို ခံစားခွင့်ရှိသူတွေအနေ နဲ့ လေလံမအောင်မချင်းကို ထပ်ခါတလဲလဲ လုပ်နေရမယ်ဆိုရင် အချိန်ကြာမယ်။ ဒါဆိုရင် သူတို့တွေရှိတဲ့အချိန် ဒါက လေလံကိစ္စမဖြစ်ခဲ့ရင်လည်း သားစဉ်မြေး ဆက်ကိစ္စ ဖြစ်သွားမယ်”ဟု အဆိုပါ ခြံလေလံကိစ္စကို လိုက်ပါ ဆောင်ရွက်နေသော တရားလွှတ်တော်ရှေ့နေက MT News ကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ခြံအမှတ် (၅၄) ကို လေလံတင် ထုခွဲရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက ဇန်နဝါရီလ ၂၅ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီးနောက် မတ်လ ၂၀ ရက်က ပထမအကြိမ်လေလံပစ်ခဲ့ရာ ဝယ်ယူသူ မရှိခဲ့ပေ။

“ဝယ်ချင်တဲ့သူတွေက အများကြီးရှိတယ်။ ဒါပေမဲ့ ဒီခြံကို ဝယ်လိုက်ရင် ဝယ်တဲ့သူက သူ့ရဲ့အကျိုးစီးပွားကို ဘယ် လို ထိခိုက်နိုင်မလဲဆိုတာ တွေးတယ်။ ဒါကြောင့် မဝယ်ကြတာ။ ရိုးရိုးရှင်းရှင်းပြောရရင် ကြောက်တာ။ ဘယ်သူ့ကို ကြောက်သလဲဆိုရင် NUG ရဲ့ သြဇာခံ PDF တွေကို ကြောက်ကြတာ။ ဝယ်လိုက်ရင် ဘယ်သူဝယ်တယ်ဆိုတာ ကို တစ်နည်းနည်းနဲ့ သိတာနဲ့ သွားပြီးတော့ နှောင့်ယှက်တာ၊ ခြိမ်းခြောက်တာတို့က ဖြစ်လာမှာလေ”ဟု စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးက MT News ကို ပြောသည်။

အဆိုပါခြံကို အများစုက ခြံအမှတ် (၅၄) ဟု ခေါ်သော်လည်း ခြံအမှတ်မှာ (၅၄/၅၆) ဖြစ်ပြီး ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်သောခြံဖြစ်ကြောင်း၊NLD အစိုးရဟောင်းအာဏာရစဥ် ဒေါ်အောင်ဆန်းစုကြည်က အသာရခဲ့ပြီး ခြံအတွင်းမှ နှစ်ထပ်တိုက်နှင့် မြေတစ်ဝက်ရကာ ဦးအောင်ဆန်းဦးက တစ်ထပ်တိုက်နှင့် မြေတစ်ဝက်သာရခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ဦးအောင်ဆန်းဦးက ရောင်းချအမွေခွဲရန် အထူးအယူခံတက်၍ တောင်းဆိုခဲ့စဉ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *