September 20, 2024

၁၅. ၈. ၂၀၂၄
Written by Nay Moe

ကျိုက်ထိုမြို့မရဲစခန်းမှ နယ်ထိန်းအပါအဝင် ရဲတပ်သားသုံးဦးကို ဖမ်းဆီးလိုက်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) က ဒီနေ့ထုတ်ပြန်လာပါတယ်။

ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်းရဲတပ်သား ဝင်းထက်၊ ရဲတပ်သား ကြည်သာ(ခ)ဖိုးအောနဲ့ သထုံခရိုင်ရဲတပ်ဖွဲ့က ရဲတပ်သားကောင်းထက်ကျော် (ခ) ကျန်ကျောင်းတို့ကို ဇူလိုင် ၇ ရက် ညနေ ၃ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းမှာ အရက်သောက်စား ပျော်ပါးနေချိန် အရှင်ဖမ်းမိခဲ့တယ်လို့ KRF က ပြောထားပြီး ဖမ်းမိရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးအပြီးမှာ တာဝန်ရှိသူတွေဆီ ပို့လိုက်တယ်ဆိုပါတယ်။

KRF ဟာ ရဟန်းသံဃာတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဆက်တိုက်သတ်ဖြတ်နေတဲ့ အဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၃ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအကူ ဦးကျော်ကျော်ကို KRF နဲ့ ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဦးစန်းမောင်ဆီဆိုင်ရှေ့မှာ အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်လို့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် KRF က PDF တွေဟာ မတ်လ ၂၄ ရက်မှာ တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးဦးစံလွင်ကို သတ်ဖြတ်ခဲ့သလို မတ်လ ၂၅ ရက်မှာလည်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင်ကျောင်းဆရာတော်ဦးစန္ဒိမာနဲ့ စင်တော်လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးတင်ငြိမ်းတို့ကို ပစ်သတ်ခဲ့ပြီး ဧ​ပြီ ၁ ရက်ကလည်း ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ဇီဇဝါမြောက်ပိုင်းမှာ ဓာတ်စက်အငှားဖွင့်သူ အသက် ၇၀ အရွယ် ဦးမြအေးကိုလည်း သတ်ဖြတ်ထားပါသေးတယ်။

KRF အဖွဲ့ဟာ အဂတိလိုက်စားမှုပေါင်းများစွာနဲ့ ထောင်နှစ်ရှည်ကျခံနေရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိဟောင်း ရဲပြေးအေးမင်းထွန်းဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး သူတို့က ကျိုက်ထိုနယ်မှာ ကျက်စားသလို တံတားချိုးတာ၊ လူသတ်တာကို လုပ်ဆောင်နေတဲ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၁၂ ရက်ကလည်း ကျိုက်ထီးရိုးဘုရားဖူးဂိတ်ကို ပစ်ခတ်တိုက်ခိုက်လို့ ဘုရားဖူးပြည်သူ ၄ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *