September 20, 2024

၁၅. ၈. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့မှာ အလုပ်သင်ဆရာဝန် အမျိုးသမီးတစ်ဦး မတရားပြုကျင့်အသတ်ခံခဲ့ရပြီးနောက် ကျန်းမာရေးဝန်ထမ်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုမှ ကာကွယ်ပေးရေးအတွက် အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ဆရာဝန်တွေက ဩဂုတ်လ ၁၂ ရက်မှစလို့ ဆန္ဒပြမှုတွေပြုလုပ်လျက်ရှိကြပါတယ်။ ဩဂုတ်လ ၁၄ ရက် ညဉ့်သန်းခေါင်ယံအချိန်မှာတော့ ဒီလို အကြမ်းဖက်ခံရတဲ့ အမျိုးသမီးဆရာဝန်အလောင်းကိုတွေ့ရှိခဲ့ရာ ကိုလ်ကတ္တားမြို့ RG Kar ဆေးကောလိပ်နဲ့ ဆေးရုံဝင်းအတွင်း ဆန္ဒပြနေကြတဲ့ ဆရာဝန်တွေအပါအဝင် ဆန္ဒပြသူများကို ရာနဲ့ချီတဲ့အဖျက်သမားတစ်စုက ဝင်ရောက်တိုက်ခိုက်မှု ပြုခဲ့ကြတယ်လို့ သိရပါတယ်။

အဖျက်သမားတွေဟာ ဆန္ဒပြမယ့်လူစု စုဝေးနေရာ ဆေးရုံဝင်းအတွင်းကို ရုတ်တရက်ဝင်ရောက်လာကြပြီး ဆေးရုံဝင်းအတွင်း ဖျက်ဆီးမှုတွေပြုလုပ်ကာ ဆန္ဒပြသူတွေကိုပါ တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါ့အပြင် ရဲကားတွေကိုလည်း ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒပြတဲ့သူတွေမှာပါဝင်တဲ့ အကြီးတန်းဆရာဝန်တစ်ဦးဖြစ်တဲ့ ဆပ်ဟန်ဒူမာလစ်က “အဖျက်သမား‌တွေဟာ ဆေးရုံအတွင်းဝင်ရောက်လာခဲ့ကြတယ်။ ဒီနောက်ဆရာဝန်တွေကိုလည်း တိုက်ခိုက်ခဲ့ကြပြီး ထွက်ပြေးသွားခဲ့ကြတယ်။ သူတို့က မတရားပြုကျင့်အသတ်ခံရတဲ့ အလုပ်သင်ဆရာဝန်အမျိုးသမီးအလောင်းကိုတွေ့တဲ့ အဆောက်အအုံထဲကိုတောင် ဝင်ဖို့ကြိုးစားခဲ့ကြတယ်။ ဆေးရုံမှာတွေ့တဲ့ပစ္စည်းတွေလည်း ဖျက်ဆီးသွားကြတယ်”လို့ ပြောခဲ့ပါတယ်။

မျက်မြင်တွေ့သူတွေက သူတို့ဟာ ရဲတပ်ဖွဲ့ဝင်တွေအလစ်မှာ ရုတ်တရက်ဝင်လာခဲ့ကြတာလို့ ဆိုကြပါတယ်။

အဆိုပါ ဩဂုတ်လ ၁၄ ရက် ညဉ့်သန်းခေါင်ယံအချိန်မှာက အနောက်ဘင်္ဂလားပြည်နယ်အပါအဝင် အိန္ဒိယတစ်နိုင်ငံလုံးမှာ လမ်းတွေပေါ်မှာ ဆန္ဒပြမှုတွေပြုလုပ်ပြီး အစိုးရအာဏာပိုင်တွေကို ပြည်သူအများ သွားလာတဲ့နေရာတွေကို အမျိုးသမီးများအတွက် လုံခြုံစိတ်ချမှုရှိအောင်ဆောင်ရွက်ပေးရေးနဲ့ ဖြစ်ပျက်ခဲ့တဲ့ မတရားပြုကျင့်သတ်ဖြတ်မှုမှာ တရားဥပဒေအရ ဖြစ်စေရေးတို့အတွက် တောင်းဆိုနေကြတာပါ။

Ref- Indian Express

Leave a Reply

Your email address will not be published. Required fields are marked *